ကရင်နီ စစ်ရှောင်များ တုပ်ကွေးဒဏ် ခံနေရဆဲ

ကရင်နီ စစ်ရှောင်များ တုပ်ကွေးဒဏ် ခံနေရဆဲ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းတွင် မိုးဦးရာသီမှ စတင်ဖြစ်ပွားခဲ့သည့် ရာသီတုပ်ကွေး ရောဂါ ယနေ့ချိန်ထိ ဆက်လက်ဖြစ်ပွား နေသည်ဟု ဒေသခံများနှင့် စစ်ဘေးရှောင် ပြည်သူများက ပြောသည်။

ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင် ပြီးခဲ့သည့် မေလအကုန် ဇွန်လအစမှ စ၍ ရာသီတုပ်ကွေး ရောဂါများ စတင် ဖြစ်ပွားခဲ့ပြီး ယနေ့အချိန်ထိ ဆက်လက် ဖြစ်ပွားလျှက်ရှိသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ဒီးမာ့ဆိုမြို့ အနောက်ဘက်ခြမ်း တစ်နေရာမှ တုပ်ကွေးရောဂါ ခံစားနေရသည့် စစ်ဘေးရှောင် ကျောင်းသူတစ်ဦး က ယခုကဲ့သို့ ပြောသည်။

“ညီမဆို အရင်တစ်ပတ်ကပဲ တုပ်ကွေးဖျားတာ တစ်ပတ်လုံး ကျောင်းပျက်ရ။ အခုက မသက်သာသေးဘူး။ ဒါပေမဲ့လည်း စာနောက်ကျမှာ စိုးလို့ ဆိုပြီး ကျောင်း ပြန်သွားရတယ် ပေါ့နော။ ညီမပဲဖြစ်တာ မဟုတ်ပါဘူး။ အမေလည်း ဖြစ်သလို သူငယ်ချင်း တစ်ချို့တွေလည်း ဖြစ်ကြတယ်ပေါ့နော်။”

ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ ရောင်ခြည်ဦး စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးကလည်း “နေ မကောင်းတာတော့ တစ်လ လောက်ရှိပြီ” ဟု ပြောသည်။

စစ်ဘေးရှောင်များအား အကူအညီပေးနေသည့် ကျေးလက်မြေအဖွဲ့မှ ဦးဇော်မင်းထိုက် က “ဒီ စစ်ဘေးရှောင်နဲ့ ရွာတွေမှာ ကျနော်တို့ သွားတဲ့အခါ တုပ်ကွေးနဲ့ နေမကောင်း ဖြစ်နေတာကတော့ တော်တော်များများ တွေ့နေရ ပါတယ်ဗျ။ သူတို့ မှာ အဓိက ဆေးဝါးတွေ လိုအပ်တယ်” ဟု ပြောသည်။

ဆေးဝါးလိုအပ်မှု ရှိနေသော်လည်း ဆေးဝါး ဝယ်ယူရာတွင် လူထုများ ကြုံတွေ့နေကြရသည့် အခက်အခဲကို လည်း ဦးဇော်မင်းထိုက်က ယခုကဲ့သို့ ဆက်ပြောသည်။

၎င်းက “အခု ဆေးဝါးတွေကတော့ ဝယ်လို့ရတယ်။ ဒါပေမဲ့ ဈေးနှုန်းတွေက အရမ်းကြီးတယ်ပေါ့နော။ အရမ်း ကြီးတယ်ဆို အရင်က တစ်ထောင်တန်လောက် ပစ္စည်းက သုံးထောင် ဖြစ်တယ်ပေါ့။ အရင်တုန်းက တစ်သောင်း တန်လောက် ပစ္စည်းက သုံးသောင်းလောက်ထိကို ဝယ်ချင်တိုင်းတောင် ဝယ်ယူလို့မရဘူး။ အခုက လမ်းတွေက လည်း တံတားတွေ မိုင်းခွဲ ချိုးခံထားရတော့ အကုန်လုံး အခက်အခဲတော့ ရှိတယ်ပေါ့နော်” ဟု ပြောသည်။

ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင် ပြီးခဲ့သည့်သည့် နှစ်ကထက် ယခုနှစ်တွင် တုပ်ကွေးရောဂါ ပိုအဖြစ်များနေပြီး ဆေးဝါး လိုအပ်မှုအပြင် ကြိုတင် ကာကွယ်ရန်နှင့် ကျန်းမာရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက်လည်း အကူအညီများ ပိုမိုလိုအပ်နေသည်ဟု ကျေးရွာဆေးပေးခန်းမှ CDM သူနာပြု ဆရာမက ပြော သည်။

ကရင်နီပြည်နယ်အတွင်း စစ်ဘေးသာမက ရေဘေးကိုလည်း ကြုံတွေ့ခဲ့ကြရသည့် အတွက် စစ်ဘေးရှောင်များ အပါအဝင် ဒေသခံများက ပိုမိုခက်ခဲနေကြသည် ဟု ဆိုသည်။

ထို့အပြင် လမ်းပန်းဆက်သွယ်မှု အခြေအနေများကြောင့် အခြေခံ စားသောက်ကုန်ဖြစ်သည့် ဆန် အပါအဝင် အခြားသော ကုန်‌ပစ္စည်းများ ဈေးနှုန်း မြင့်တက်လာမှုကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေကြရသည် ဒေသခံများက ပြောသည်။

လက်ရှိတွင် ကရင်နီပြည်က စစ်ဘေးရှောင်များအတွက် ဆေးဝါးနှင့် အခြေခံ စားနပ်ရိက္ခာများလည်း လိုအပ် နေဆဲဖြစ်သည်ဟု အကူအညီပေးနေသူများက ပြောသည်။

May 14, 2026
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင်...
CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...
May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...