လားရှိုးမြို့ အီနိုင်းရွာကို စစ်ကောင်စီဗုံးထပ်ကြဲ၍ လူ ၃ ဦးသေဆုံး

လားရှိုးမြို့ အီနိုင်းရွာကို စစ်ကောင်စီဗုံးထပ်ကြဲ၍ လူ ၃ ဦးသေဆုံး

သျှမ်းပြည် လာရှိုးမြို့အနီးရှိ အီနိုင်းရွာကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးထပ်မံကြဲသဖြင့် လူ ၃ ဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (အောက်တိုဘာလ ၁၄ )ရက် ညသန်းခေါင်ကျော်အချိန်တွင် လားရှိုးမြို့အနီးရှိ အီနိုင်းရွာကို စစ်ကောင်စီတပ်မှ ပေါင် (၅၀၀) ဗုံးဖြင့် ထပ်မံကြဲသောကြောင့် အမျိုးသား ၃ ဦးသေဆုံးကာ ကလေးနှင့်အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရှိ ခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA က ယနေ့ (အောက်တိုဘာလ ၁၄ )ရက်တွင် သတင်းထုတ်ပြန်သည်။

ထို့အပြင် ဗုံးပေါက်ကွဲမှုကြောင့် လူနေအိမ် ၅ လုံးထက်မနည်း ပျက်စီးသွားပြီး ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်း၊ ခန်းမတစ်ခန်း နှင့် မူကြိုကျောင်း ၁ ကျောင်းလည်း ပျက်စီးဆုံးရှုံးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှထိန်းချုပ်ပြီးသည့်နောက် ၎င်းတို့ထိန်းချုပ်ထားသော ဒေသများကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်သည်မှာ ယခုတစ်ကြိမ်တော့မဟုတ်ပေ။

“စစ်ကောင်စီက ဗုံးလာကြဲလွန်းလို့ အခုနောက်ပိုင်း လေယာဉ်ပျံအသံကြားရင် တရုတ်နိုင်ငံကလေယာဉ်သံလား၊ မြန်မာပြည်က လေယာဉ်သံလားတောင် ကောင်းကောင်းခွဲခြားတတ်နေပြီ။ ခပ်နိမ့်နိမ့်ပျံဝဲလာတဲ့ လေယာဉ်သံဆိုရင်တော့ သတိထားနေရတယ်” ဟု လားရှိုးမြို့ဒေသခံ အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၃ ရက်မှစတင်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အပါအဝင် လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အပြီးသတ်သိမ်းပိုက်ပြီးနောက် လားရှိုးမြို့နှင့် မြို့အနီးတဝိုက်ကို စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်ပြုလုပ်ခဲ့ရာ (၁၆) ကြိမ်တိတိရှိပြီဟု ကိုးကန့်တပ်ဖွဲ့ MNDAA ကဆိုထားသည်။

လားရှိုးမြို့ကို ယခုကဲ့သို့ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်နိုင်ခြင်းမှာ စစ်ကောင်စီထံ သတင်းပေးသူ “ဒလန်”များကြောင့်ဖြစ်ပြီး၊ စစ်ကောင်စီသည် ဒေသခံများကို ပိုက်ဆံပေးကာ ကိုးကန့်တပ်ဖွဲ့နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ဝယ်ယူနေသဖြင့် စစ်ကောင်စီထံ သတင်းပေးသူ “ဒလန်”များကို ကိုးကန့်တပ်ဖွဲ့မှ လိုက်လံရှာဖွေဖမ်းဆီးနေရသည်ဟုဆိုသည်။

စစ်ကောင်စီထံ သတင်းပေးသူ “ဒလန်”များကို လက်ရှိအချိန်ထိ ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဖမ်းဆီးရမိသူ ၂၀ ရှိပြီး စစ်ဆေးမေးမြန်းနေကြောင်း၊ အပြစ်မရှိပါက ပြန်လွတ်ပေးမည်ဖြစ်ကာ အပြစ်ရှိပါက ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း၊ လတ်တလောတွင် သေဒဏ်ပေးသည့်အထိ ပြစ်ဒဏ်ချမှတ်တာမျိုးမရှိဘဲ ယာယီဖမ်းဆီးထိန်းသိမ်းထားကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA ကထုတ်ပြန်ထားသည်။

April 25, 2026
စိုင်းဟန်လင်း — စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက...
လားရှိုးမြို့ရှိ ခလရ(၄၁) တပ်ရင်းအား ၂၀၂၄ ဇူလိုင်လအတွင်း MNDAA သိမ်းပိုက်ခဲ့စဉ်
April 24, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၄၁) ထဲ...
April 23, 2026
စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ...
April 22, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု...