စစ်ဘေးတိမ်းရှောင်သည့် အမ်းဒေသခံ ၆၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီးထား

စစ်ဘေးတိမ်းရှောင်သည့် အမ်းဒေသခံ ၆၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီးထား

တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်ကြသည့် ဒေသခံ ၆၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်ထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်က ကျောက်စကွဲကျေးရွာအနီးတွင် စစ်ကောင်စီနှင့် AA တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်စကွဲ၊ မီးလောင်ချောင်း၊ ရွာသာယာ စသည့် ကျေးရွာများမှ ဒေသခံများမှာ အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ထို့နောက် တိုက်ပွဲဆက်လက်ပြင်းထန်မည့် အခြေအနေကြောင့် စက်တင်ဘာ ၂၉ ရက်တွင် အမ်းမြို့သို့ ထပ်မံတိမ်းရှောင်စဉ် စစ်ကောင်စီ စစ်ကြောင်းနှင့်တွေ့ပြီး အမျိုးသား၊ အမျိုးသမီးအပါအဝင် ဒေသခံ ၆၀ ကျော် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

“တိုက်ပွဲဖြစ်တာနဲ့ အနီးအနားပတ်ဝန်းကျင်ရွာတွေက ဒေသခံတွေဟာ ဒီရွာသာယာအနီးမှာ တိမ်ရှောင်ကြတယ်။ တိုက်ပွဲက ပိုပြီးပြင်းလာမယ့် အနေအထားဖြစ်နေတော့ အမ်းမြို့ပေါ်ကို တိမ်းရှောင်တဲ့အခါ ကံ့ကော်တစ်ထောင်မှာ တပ်စွဲနေထိုင်တဲ့ စစ်တပ်က ဖမ်းဆီးခဲ့တာ။ ဒီကနေ့အချိန်ထိတော့ တစ်ယောက်မှ ပြန်လွတ်မလာသေးဘူး” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသူများမှာ အမ်းမြို့ရှိ ကံ့ကော်တစ်ထောင် ဘုရားတောင်ပေါ်တွင် ထိန်းသိမ်းခံထားရသည်ဟုသာ သိထားရပြီး ၎င်းတို့နှင့်ပတ်သက်၍ နောက်ထပ် မည်သည့်သတင်းအစအနမှ ထပ်မံမသိရှိရပေ။

ကံ့ကော်တစ်ထောင်ဘုရားတွင် တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်သား ၈၀ ခန့်ရှိပြီး အာရက္ခတပ်တော်နှင့် မကြာခဏ တိုက်ပွဲဖြစ်ပွားမှုများ ရှိနေသည်။

စက်တင်ဘာ ၂၆ ရက်တွင် ထိုဘုရားတောင်ပေါ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျောက်စကွဲကျေးရွာမှ စစ်ဘေးတိမ်းရှောင်သည့် မိသားစု ၃ ဦး သေဆုံးသွားခဲ့သည်။

“မြန်မာစစ်ကောင်စီဟာ တိုက်ပွဲတိုင်းမှာ ရှုံးနိမ့်နေတဲ့အတွက် ပြည်သူတွေကို ဦးတည်လာတာ မြင်ရတယ်။ မြို့သိမ်းတိုက်ပွဲတွေမှာဆိုရင် ပြည်သူတွေကို လူသားဒိုင်းကာအဖြစ် အသုံးပြုတာ၊ လေယာဉ်နဲ့ ဗုံးကြဲတာ တွေ့မြင်ရတယ်။ အခုလိုမျိုးလုပ်တာဟာ သူတို့အတွက် လုပ်ထုံးလုပ်နည်းတစ်လို ဖြစ်နေတယ်။ ဒါက ဂျီနီဗာကွန်ဗေးရှင်းကို ချိုးဖောက်တာဖြစ်တယ်” ဟု ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့၏ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

စစ်ကောင်စီ၏ အမ်းမြို့ခံတပ်စခန်းဖြစ်သော ကြိမ်ချောင်းနှင့် ခမောင်းတောရွာကြားရှိ မဲတောင်ကြောတလျှောက်ရှိ တပ်စခန်းများကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လျက်ရှိသည်။

“လက်နက်ကြီး ပစ်သံတွေတော့ ကြားနေရတယ်။ ဒီနေ့မှာတော့ လေယာဉ်သံတွေ ဘာတွေတော့ မကြားရဘူး။ တိုက်ပွဲက ဆက်လက်ဖြစ်နေဆဲပါ။ မနေ့ကလောက်တော့ မပြင်းဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

အမ်းမြို့နယ်တွင် ပြီးခဲ့သည့် မတ်လမှစ၍ စစ်‌ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီ၏ စစ်ရေးအရအရေးပါဆုံး တောဟိန်းတောင်ဗျူဟာကုန်းကို AA က သိမ်းပိုက်ထားသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ စစ်တွေ-ပုဏ္ဏားကျွန်းအစပ် ကွမ်းတောင်နှင့် အမြင့်ကျွန်းကျေးရွာအနီး တိုက်ပွဲ၌ အာရက္ခတပ်တော်က ဖမ်းဆီးရမိခဲ့သော စစ်အုပ်စုတပ်ဖွဲ့ဝင်များ။ / AA Info Desk
September 21, 2026
ရခိုင်ပြည်အတွင်း ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရရှိရေးအတွက် စစ်အုပ်စုတပ်က ကြည်း၊ ရေ၊ လေ...
စစ်အုပ်စုတပ်၏ ရေကြောင်းလေ့ကျင့်မှုတစ်ခု။ / Crd - cincds
September 21, 2026
ရခိုင်ပြည်၊ ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ မွတ်ဆလင် ငါးဖမ်းစက်လှေနှစ်စီးကို စစ်အုပ်စုတပ်၏...
ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...