ဝင်းဒရယ်ရွာ ခွဲထွက် DKBA တပ်စခန်းဆောက်လုပ်သည့်နေရာ ပစ်ခတ်ခံရ ၃ ဦးဒဏ်ရာရ

ဝင်းဒရယ်ရွာ ခွဲထွက် DKBA တပ်စခန်းဆောက်လုပ်သည့်နေရာ ပစ်ခတ်ခံရ ၃ ဦးဒဏ်ရာရ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ်ထဲရှိ ဝင်းဒရယ်ကျေးရွာတွင် ဗိုလ်ဘိဦးဆောင်သည့် ခွဲထွက် DKBA အဖွဲ့ စခန်းလာဆောက်သည့်နေရာ၌ စက်တင်ဘာ ၂၉ ရက်က ပစ်ခတ်ခံရပြီး ၃ ဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။

ကျေးရွာလူထု ကန့်ကွက်သည့်ကြားက ဝင်းဒရယ်ကျေးရွာ စာသင်ကျောင်းရှေ့ရှိ ခွဲထွက် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA တပ်စခန်းဆောက်လုပ်သည့် နေရာကို စက်တင်ဘာလ ၂၉ ရက်၊ နံနက် ၁၀ နာရီ ဝန်းကျင်အချိန်ခန့်တွင် လက်ပစ်ဗုံးနှင့် ပစ်ခတ်ခံရခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ပြောဆိုသည်။

“ဘာနဲ့ပစ်တာလဲတော့ ကျနော်တို့ မသိဘူး။ ဘယ်အဖွဲ့ပစ်တာလဲမသိဘူး။ ထိခိုက်ဒဏ်ရာရတာတော့ ရှိတယ်။ ပြီး တော့ အဲဒီထိခိုက်တဲ့အထဲမှာ သူတို့ စခန်းဆောက်လုပ်တဲ့သူတွေပေါ့။ အဲလိုပစ်ခတ်မှုဖြစ်ပြီးနောက်မှာ အခု ကျ နော်တို့ ရွာကလူတွေက ဘယ်တော့ပစ်ကြမလဲ ကြောက်ပြီး နေရတယ်။ ညပိုင်းဆိုရင်လည်း တိမ်းရှောင်ပြီး အိပ်ရတယ်” ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကြာအင်းပေါ်တော်မူတောင်ခြေရှိ DKBA တပ်စခန်းက ဝင်းဒရယ်ကျေးရွာ အပြင်ဘက်သို့ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သလို ဗိုလ်ဘိကိုယ်တိုင်ကလည်း ထိုကျေးရွာထဲကို တပ်အင်အား ပြန်လည်တိုးချဲ့ပို့ဆောင်ထားသည်ဟု ဒေသခံများက ပြောသည်။

ကျေးရွာအတွင်းတပ်စခန်း လာချထားသည့်အတွက် တပ်စခန်းအနီးရှိ လူနေအိမ်များမှ ဒေသခံတို့ ညအချိန်တွင် နေအိမ်၌ မနေရဲဖြစ်ကာ တိမ်းရှောင်နေရသလို ယခုလိုစခန်းတွင်ပစ်ခတ်ခံရသည့်အတွက် ကျေးရွာအတွင်းရှိ လူထုများ စိုးရိမ်ကြောက်လန့်ပြီး သတိနှင့် နေထိုင်နေရသည်ဟု ဒေသခံများက ပြောဆိုသည်။

စာသင်ကျောင်းအနီးတွင် တပ်စခန်းတပ်စွဲဆောက်လုပ်သည့်အတွက် ပဋိပက္ခဖြစ်လာနိုင်သောကြောင့် အတန်း ငယ် KG အတန်းပိတ်ထားလိုက်ရကာ ကျောင်းဝင်းအတွင်းရှိ ဝန်ထမ်းဆောင်တွင်လည်း ကျောင်းဆရာ၊ ဆရာမများမနေရဲတော့ဘဲ အပြင်ထွက်နေထိုင်သွားရသည့် အခြေအနေမျိုး ဖြစ်နေသည်ဟု သိရသည်။

ထိုသို့ DKBA အဖွဲ့ ကျေးရွာအတွင်း တပ်စခန်းသစ်လာဆောက်လုပ်ခြင်းကို ကျေးရွာလူထုများက လက်မခံ သလို ဒေသအတွင်းရှိ ကေအဲန်ယူကလည်း လက်မခံနိုင်ကြောင်း အသီးသီး‌ပြောဆိုထားသည်။

သို့သော် ဗိုလ်ဘိကိုယ်တိုင်က ကျေးရွာလူထု လက်မခံသော်လည်း မဖြစ်မနေတပ်စခန်းဆောက်လုပ်သွားမည်ဟု စက်တင်ဘာလ ၂၄ ရက်က ကျေးရွာလူထုနှင့် တွေ့ဆုံပွဲ ပြုလုပ်ပြီး ပြောဆိုထားသည်။

ဗိုလ်ဘိဦးဆောင်သည့် DKBA အဖွဲ့သည် ကြာအင်းပေါ်တော်မူ ဆရာတော်၏ ဩဝါဒလမ်းညွှန်မှုဖြင့် ဖွဲ့စည်းထား သည့် ကရင့်လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်တွင် စစ်ကောင်စီက နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာဖြေရှင်းရန် တိုင်းရင်းသားလက်နက် ကိုင်များကို ဖိတ်ခေါ် ချက်နှင့်ပတ်သက်၍ ကြိုဆိုထောက်ခံကြောင်း အဆိုပါ DKBA အဖွဲ့က ကြေညာချက်ထုတ်ကာ ပြောဆိုထားသည်။

August 31, 2026
စစ်အုပ်စုသည် ၎င်းတို့၏ “ရက် (၁၀၀) စီမံကိန်း” တွင် ပြည်သူများ၏ လူမှုစီးပွား တည်ငြိမ်ရေးနှင့်...
August 31, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ဖလူး-ဝေါလေလမ်းပိုင်းရှိ သဲဖြူချောင်းအထက် တောင်ကျောနေရာသို့...
ချင်းပြည်ကောင်စီ၏ အစီရင်ခံစာမိတ်ဆက် သတင်းစာရှင်းလင်းပွဲ / Press Conference & CNF
August 29, 2026
ရည်ရွယ်ချက်၊ ဦးတည်ချက်ချင်း တူညီသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်...
ဓာတ်ပုံ - (မယ်လဒုက္ခသည်စခန်း / KIC)
August 28, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် မယ်လစခန်းတွင် နာတာရှည်ရောဂါ...