ဖာပွန်မှာ စစ်ကောင်စီ BGF ပူးပေါင်းတပ်နဲ့ KNLA တို့ တိုက်ပွဲဖြစ်ပွားနေ

ဖာပွန်မှာ စစ်ကောင်စီ BGF ပူးပေါင်းတပ်နဲ့ KNLA တို့ တိုက်ပွဲဖြစ်ပွားနေ

ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် ကတိုင်တိဒေသအတွင်း စစ်ရေးဝင်ရောက်လှုပ် ရှားနေတဲ့ စစ်ကောင်စီ ၊ BGF ပူးပေါင်းတပ် နဲ့ KNLA တပ်မဟာ ၅ တို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်နဲ့ တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စက်တင်ဘာလ အစောပိုင်းရက်ကနေစပြီး နယ်ခြားစောင့်တပ် BGF နဲ့ စစ်ကောင်စီတပ်တို့ဟာ KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေ ကတိုင်တိဒေသထဲကို အင်အား ၁၀၀ ကျော်နဲ့ တပ်အင်အားတိုးချဲ့လှုပ်ရှားလာနေတာပါ။

စစ်ကောင်စီ နှင့် BGF ပူးပေါင်းတပ်ဟာ ကတိုင်တိကျေးရွာကနေတစ်ဆင့် ကတိုင်တိအထက်ဘက် တောင်သုံးလုံးစခန်းဘက်ကို ဝင်ရောက်လာနေတဲ့အတွက် KNLA တပ်မဟာ ၅ နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။

အခုရက်ပိုင်းထဲမှာ ကတိုင်တိဒေသအတွင်း နှစ်ဖက်တိုက်ပွဲတွေကြောင့် ကတိုင်တိဒေသခံအချို့ဟာ ကမမောင်းမြို့ကို စစ်ဘေးလာရောက်ရှောင်နေကြရပြီး လက်ရှိအချိန်အထိ နှစ်ဖက်စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

စစ်ကောင်စီ BGF ပူးပေါင်းတပ်ဖွဲ့ဟာ KNLA တပ်မဟာ ၅ ပူးပေါင်းအဖွဲ့တွေ ဝိုင်းရံဖြတ်တောက်ပိတ်ဆို့ထားတဲ့ ဖာပွန်စစ်ဗျူဟာဘက်ကို စစ်ကူအတွက် တပ်အင်အားလာရောက်ဖြည့်ဆည်းနေတာ ဖြစ်တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားကာ လက်နက်ကြီး ဒရုန်း လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုလုပ်ဆောင်လာနေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောခွင့်ရ စောနန္ဒဆူးက ပြောပါတယ်။

“စစ်ကောင်စီရဲ့ ဆက်လက်လုပ်ဆောင်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကိုဖြစ်စေတဲ့ ဒီတိုက်ခိုက်မှုတွေပဲ ဖြစ်တာပေါ့နော်။ ဒီလိုတိုက်ပွဲတွေ လက်နက်ကိုင်ပဋိပက္ခသင့်မှုတွေအောက်မှာတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်တဲ့ စစ်ဘေးရှောင်မှု အသက်မွေးဝမ်းကျောင်းပြုမှု နောက် ဘေးကင်းလုံခြုံခွင့် ကျန်းမာရေး ပညာရေးလက်လှမ်းမှီနိုင်ခွင့်စတဲ့ အခြေခံလူ့အခွင့်အရေးတွေကလည်း ပဲ ယခင်ကလိုမျိုးပဲ ဆက်လက်ပြီးတော့မှ (စစ်ကောင်စီက) ချိုးဖောက်နေဆဲ တွေ့နေရတယ်ပေါ့” လို့ ဆိုပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၁ ရက်နေ့က ဖာပွန်မြို့အနောက်တောင်ဘက် တောင်သုံးလုံးမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်က ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ် ကတဲတိနဲ့ ထီးသဘလူထာအုပ်စုအတွင်းရှိ ထီးသဲလေးနဲ့ ထီးလော်သေထာကျေးရွာတွေထဲကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ဒေသခံနေအိမ် ၂ လုံး ထိမှန် ပျက်စီးခဲ့ပြီး အိမ်အတွင်းရှိ ပစ္စည်းတွေအားလုံး ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့ တပ်မဟာ ၅ က သတင်းထုတ်ပြန်ထားပါတယ်။

အခုလ စက်တင်ဘာလ လဝက်အတွင်း KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေဒေသထဲမှာ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတာ၊ ထောက်ပို့လေယာဉ်နဲ့ လက်နက်ခဲယမ်း စားနပ်ရိက္ခာတွေကို လာရောက်ပို့ဆောင်ပေးလျက်ရှိတယ်လို့ တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Most read this week

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...