ရေဘေးအတွက်ဆိုပြီး ဝန်ထမ်းတွေဆီကနေ စစ်ကောင်စီ အတင်းအကျပ် ငွေကောက်ခံနေ

ရေဘေးအတွက်ဆိုပြီး ဝန်ထမ်းတွေဆီကနေ စစ်ကောင်စီ အတင်းအကျပ် ငွေကောက်ခံနေ

မွန်ပြည်နယ် စစ်ကောင်စီဟာ ရေဘေးသင့်ပြည်သူအတွက်ဆိုပြီး လက်အောက်ခံဌာနဆိုင်ရာ ဝန်ထမ်းတွေဆီကနေ အတင်းအကျပ် ငွေကြေးကောက်ခံနေမှုတွေ လုပ်ဆောင်နေတယ်လို့ Non CDM အသိုင်းအဝိုင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေဘေးသင့် ပြည်သူတွေအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငွေကြေးကောက်ခံတဲ့နေရာမှာ ဌာနအမျိုးအစားပေါ်မူတည်ပြီး ရာထူးအဆင့်အလိုက် အနည်းဆုံး ကျပ် ၅၀၀၀ ကနေ ကျပ် ၃၀၀၀၀ အထိ မဖြစ်မနေ ပေးဆောင်နေရတယ်လို့ သိရပါတယ်။

ငွေကြေးကောက်ခံတဲ့နေရာမှာလည်း ဘယ်နေရာတွေက ရေဘေးသင့်ပြည်သူတွေကို ငွေကြေးဖြစ်စေ၊ အသုံးအဆောင်ဖြစ်စေ ဘယ်လိုပုံစံမျိုးနဲ့ လှူဒါန်းသွားမလဲဆိုတာ ချပြတာမရှိတဲ့အတွက် လက် တွေ့ ရေဘေးသင့် ပြည်သူတွေဆီ ရောက်မရောက် မသိရဘူးလို့ Non CDM ဝန်ထမ်းတွေက ပြောကြပါတယ်။

ဒါ့အပြင် ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်ပြီး ရတဲ့လစာနဲ့ ချွေတာ စားသောက်နေရချိန် ရေ ဘေးသင့်ပြည်သူတွေကို အကြောင်းပြပြီး ငွေကြေးကောက်ခံတဲ့နေရာမှာ စေတနာရှိသလောက် မသတ်မှတ်ဘဲ နှုန်းထားတစ်ခု သတ်မှတ်ကာ အတင်းအကျပ် ကောက်ခံတာဟာ မဖြစ်သင့်ဘူးလို့ Non CDM ဝန်ထမ်းအသိုင်းအဝိုင်းကြား ဝေဖန်မှုတွေ ရှိနေတာပါ။

CDM ဝန်ထမ်းတစ်ဦးကတော့ စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းတွေဟာ ရတဲ့လစာနဲ့ မဖူလုံတာကြောင့် အခုလို အတင်းအကျပ် ငွေကြေးကောက်ခံမှုကြောင့် အဂတိလိုက်စားမှုတွေ တိုးလာမယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ တခြားဝန်ထမ်းတွေဆီသွားရင် ဘယ်လိုရောက်မလဲဆို သူတို့နဲ့ဆက်နွယ်နေတဲ့ သူတို့ဆီမှာ ဝန်ဆောင်မှုလာယူနေတဲ့ ပြည်သူဆီကိုပဲ ပြန်ရောက်မှာပေါ့။ အဲ့ဒီကတစ်ဆင့် ငွေကညှစ် ထုတ်မယ်ဆိုတဲ့ အခါကျတော့ အဲ့ဒါတစ်နည်းအားဖြင့်ပြောရင် အဂတိလိုက်စားမှုတစ်မျိုးတစ်ဖုံ ပြန်ရောက်လာမှာပဲ။ ဒီလိုပဲနေမှာပဲ”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေဟာ စစ်ကောင်စီရဲ့ သဘောအတိုင်း ခိုင်းသမျှကို မဖြစ်မနေ လုပ်ဆောင်ပေးနေရတာဟာ မဖြစ်သင့်သလို အခုလို အကြောင်းအမျိုးမျိုးပြပြီး ငွေ ကြေးအတင်းအကျပ် တောင်းခံတာဟာ သူ့လက်အောက်ခံတွေကို အဂတိလိုက်စားဖို့ အတွက် တွန်းအားပေးတာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာတော့ ဒေသတွင်းက ပြည်သူတွေဟာ ရေဘေးသင့် ပြည်သူတွေကို ကူညီဖို့အတွက် ကိုယ် ထူကိုယ်ထ လိုက်လံအလှူခံပြီး ငွေကြေးအပြင် အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်းတွေကအစ ပေးပို့ လှူဒါန်းတာတွေ လုပ်ဆောင်နေတာပါ။

တဖက်မှာတော့ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက ဒေသတွင်းက လုပ်ငန်းရှင်တွေကိုခေါ်ယူပြီး ရေဘေးသင့် ပြည်သူတွေအတွက်ဆိုကာ စက်တင်ဘာ ၂၁ ရက်နေ့က မော်လမြိုင်မြို့ ပြည်နယ်ခန်းမမှာ အလှူငွေကောက်ခံပွဲ ပြုလုပ်ခဲ့ပါသေးတယ်။

အဲဒီအလှူငွေ ကောက်ခံပွဲမှာတော့ မွန်ပြည်နယ်အနေနဲ့ ရာဂီတိုင်ဖွန်း မုန်တိုင်းကြောင့် ရေဘေးသင့် ပြည်သူတွေအတွက် အလှူငွေစုစုပေါင်း ကျပ်သိန်း၂၈၅၀ ကျော် ရရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် ဘယ်နေရာတွေကို သွားရောက်လှူဒါန်း ပေးသွားမလဲဆိုတာ ထုတ်ပြန်တာ မရှိပါဘူး။

Most read this week

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...