မိုင်းပျဉ်းမြို့နယ် RCSS ကို စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ် လာရောက်တိုက်ခိုက်

မိုင်းပျဉ်းမြို့နယ် RCSS ကို စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ် လာရောက်တိုက်ခိုက်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်စခန်းကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တို့က လာရောက်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာလ ၁၉ ရက်  နေ့လယ် (၁၁) နာရီကျော်တွင် ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ယင်းခမ်း(ဝၢၼ်ႈယၢင်းၶမ်း) ကျေးရွာအုပ်စုအတွင်းရှိ RCSS တပ်စခန်းကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့က အင်အား (၁၀၀) ခန့်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံက သျှမ်းသံတော်ဆင့်ကို အတည်ပြုသည်။

“ ဒီနေ့လယ်(စက်တင်ဘာ ၁၉) မှာ ဗမာစစ်တပ်နဲ့ ပြည်သူ့စစ်ပေါင်းပြီးတော့ အင်အား (၁၀၀) ခန့်က RCSS ကို တက်လာတိုက်တာ။ ကျိုင်းတုံ မိုင်းပျဉ်း ထဲမှာ၊ သူတို့ဗျူဟာအရ တက်လာတိုက်တာ။ သေနတ်တချို့ သိမ်းနိုင်တယ်၊ သူတို့ဘက်က ထိခိုက်သေဆုံးတာရှိမယ်။ တင်းမာနေတုန်းပဲ”ဟု ဗိုလ်မှူးစိုင်းခမ်းစံက သျှမ်းဘာသာဖြင့် အတည်ပြု ပြောဆိုသည်။

၎င်းထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သေနတ် (၃) လက် အနည်းဆုံး သိမ်းဆည်းရမိကြောင်း ကနဦး သိရှိရပြီး နယ်မြေရှင်းလင်းရေး မလုပ်ဆောင်ရသေးခြင်းကြောင့် အသေးစိတ်အခြေအနေ မသိနိုင်သေးဟု ဗိုလ်မှူးစိုင်းခမ်းစံက ဆက်ပြောသည်။

မိုင်းပျဉ်းမြို့နယ် ယင်းခမ်းကျေးရွာအုပ်စုအနီး RCSS တပ်ဖွဲ့ နှင့် စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဘက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ လားဟူပြည်သူ့စစ် ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေသည်။

ပြီးခဲ့သည့် ဩဂုတ်လ တတိယပတ်က စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ (NSPNC) မှ 7 EAO Alliance အဖွဲ့ဝင်များကို နေပြည်တော်၌ ဖိတ်ခေါ်တွေ့ဆုံခဲ့ရာ ကျန်အဖွဲ့ဝင် (၆) ဖွဲ့ တက်ရောက်ခဲ့သည်။

၎င်းတွေ့ဆုံပွဲသို့ 7 EAO Alliance အဖွဲ့ခေါင်းဆောင် တာဝန်ယူထားသည့် RCSS တစ်ဖွဲ့တည်း အနေဖြင့် မတက်ရောက်ခဲ့ဘဲ စစ်ကောင်စီတပ်နှင့် ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားလာခြင်း ဖြစ်သည်။

Most read this week

January 31, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့်...
January 30, 2026
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)...
January 29, 2026
စိုင်းဆိုင်အိုက် — နိုင်ငံခြားကုန်ပစ္စည်းများ တင်ဆောင်ခွင့်ကို စစ်ကော်မရှင်က...
January 28, 2026
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဆရာတော်တစ်ပါးကို...