ကျောက်ဖြူမြို့ကို စစ်ကောင်စီ ခြံစည်းရိုးကာနေ

ကျောက်ဖြူမြို့ကို စစ်ကောင်စီ ခြံစည်းရိုးကာနေ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင်းဧရိယာ မြစ်ကမ်းစပ်တလျှောက်ကို လုံခြုံရေးအကြောင်းပြချက်ဖြင့် စစ်ကောင်စီက ခြံစည်းရိုးကာရန် စတင်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

ကျောက်ဖြူမြို့ င/လပွေ့ရပ်ကွက်ကနေ မြို့အစွန် ဂုံးချွိန်ကျေးရွာအထိ ခြံစည်းရိုးကာရံမည်ဖြစ်ပြီး နေရာတချို့တွင် စတင်လုပ်နေပြီဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ခြံစည်းရိုးကာမယ့်အကြောင်းကို ဌာနဆိုင်ရာ ဝန်ထမ်းတချို့ကတော့ သိထားကြပြီ။ အဓိကတော့ AA က ထိုးစစ်ဆင်လာမှာကို စိုးရိမ်လို့ဆိုပြီး ကြားရတယ်။ အခုလောလောဆယ်မှာတော့ ဂုံးချွိန်ကျေးရွာအပိုင်ဖြစ်တဲ့ ကျောက်တစ်လုံး စစ်ဆေးရေးဂိတ်အနီးက မြစ်ကမ်းစပ်နေရာရယ်၊ ပြီးတော့ ပြင်ဖြူမော်ရပ်ကွက်အနီးမှာ ကွန်ကရစ်တိုင်လုပ်ဖို့ ကျောက်တွေ၊ သဲတွေ ပုံထားပြီ” ဟု သူက ပြောသည်။

ကျောက်ဖြူမြို့သည် ဘင်္ဂလားပင်လယ်အော်တွင် တည်ရှိသည့် ခရိုင်အဆင့်ရှိ ကျွန်းမြိုဖြစ်ပြီး မြို့ပတ်လည်တွင် မြစ်၊ ချောင်းများ ဝန်းရံထားသည်။

စစ်ကောင်စီကာရံမည့် ခြံစည်းရိုးမှာ မြစ်ကမ်းစပ်တလျှောက်လုံး ပါနေသောကြောင့် မြို့ပေါ်လူထုကို ပိတ်လှောင်ရန် စီစဉ်မှုလည်းဖြစ်နိုင်ကြောင်း မြို့ခံများက ပြောသည်။

“မြို့ကို အဝင်အထွက်လုပ်နိုင်တဲ့ ကုန်းမြေတစ်လျှောက်လုံးကို စစ်ကောင်စီက တပ်စခန်းတွေ လုပ်ထားတဲ့အပြင် မြေမြှုပ်မိုင်းတွေပါ ထောင်ထားတယ်။ အခု ပင်လယ်ထွက်ပေါက်ကိုပါ ခြံစည်းရိုးကာမယ်ဆိုတော့ ဒါဟာ ဒေသခံ တွေအတွက် ဘယ်လိုမှ ထွက်ပေါက်မရှိတော့ဘူး ဆိုတဲ့သဘောပဲ။ ပြောရရင် ကျနော်တို့ကို ပိတ်လှောင်ထားမယ့် အစီအစဉ်ဖြစ်တာကြောင့် တော်တော်လေး စိုးရိမ်တယ် ” ဟု ကျောက်ဖြူမြိုခံ လူငယ်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ကျောက်ဖြူမြို့ အဝင်/ထွက် ကုန်းလမ်း၊ရေလမ်းများကို ၂၀၂၃ နိုဝင်ဘာလစ၍ ပိတ်ဆို့ထားသည်။ သို့သော်လည်း ဒေသတွင်း စစ်ရေးတင်းမာနေမှုကြောင့် ဒေသခံတချို့မှာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အရဲစွန့် ထွက်ခွာမှုများလည်း ရှိနေသည်။

ခြံစည်းရိုးကာလိုက်လျှင် မြစ်ကမ်းစပ်နှင့် ချောင်းရိုးများတွင် ငါးဖမ်း၍ စားဝတ်နေရေးကို ဖြေရှင်းနေကြသည့် အခြေခံလူတန်းစားများအတွက် အခက်အခဲများ ရှိလာမည်ကို စိုးရိမ်နေကြသည်။

ကျောက်ဖြူမြို့ခံ အမျိုးသမီးတစ်ဦးက “သူတို့(စစ်ကောင်စီ)ဘက်က မြို့ကို ဘယ်လောက်ပဲ ပိတ်ဆို့ထားပါစေ၊ ရေကြောင်းကနေ ခိုးသွားလို့ရတယ်ဆိုပြီး အရင်တုန်းက တွေးထားတာ။ အခု ခြံစည်းရိုးခတ်မယ်ဆိုတော့ မြို့ပေါ်မှာ တိုက်ပွဲဖြစ်လာတာမျိုးပဲဖြစ်ဖြစ်၊ စစ်တပ်က အဖမ်းအဆီးတွေ ကြမ်းလာတာမျိုးပဲဖြစ်ဖြစ် မြို့ကထွက်ခွာဖို့ အရမ်းခက်ခဲသွားမှာ” ဟု ပြောသည်။

ထို့အပြင် သံဇစ်မြစ်တလျှောက်တွင်လည်း စစ်ကောင်စီ စစ်သင်္ဘော ၄ စီးထက်မနည်းမှာ နေ့စဉ်သွားလာနေပြီး လုံခြုံရေးတင်းကျပ်ထားကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ်လကလည်း စစ်တွေမြို့ ရေတပ်စခန်းအနီးနားရှိ ရှုခင်းသာလမ်းမြစ်ကြောင်း တလျှောက်ကို  ခြံစည်းရိုးကာရံခဲ့ပြီး ယခုအခါ ကျောက်ဖြူမြို့ကိုပါ ခြံစည်းရိုးကာလာခြင်းဖြစ်သည်။

လက်ရှိ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ စစ်ရေးတင်းမာနေပြီး ဓညဝတီရေတပ်ဌာနချုပ်နှင့် (၃၂) ရဲတပ်ရင်းတို့ကို AA က ချည်းကပ်ပိတ်ဆို့ထားသည်။

March 6, 2026
စစ်တွေမြို့တွင် တိုက်ပွဲပြင်းထန်လာမှုနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်နှင့် မိသားစု...
အီရန်၏ လေကြောင်းပစ်ခတ်မှုကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့သည့် အဘူဒါဘီမြို့ တစ်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ- Reuters
March 5, 2026
ယခု အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့၏ စစ်ပွဲကာလအတွင်း...
March 4, 2026
စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် စားဝတ်နေရေးကျပ်တည်းမှုနှင့်...
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို စစ်ကောင်စီ ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ၏ ရုပ်အလောင်းနားတွင် ငိုကြွေးနေကြသည့် မိသားစုဝင်အချို့။ ဓာတ်ပုံ - ကျောက်တော်လူငယ်များအစည်းအရုံး (KTYA)
March 2, 2026
အာရက္ခတပ်တော်ထိန်းချုပ်ရာ ရခိုင်ဒေသတွင် စစ်ကောင်စီ၏ လက်ချက်ကြောင့် အရပ်သား ထိခိုက်သေဆုံးမှု...