ပအိုဝ်းဒေသတွင် ရေဘေးကြောင့် အိမ်ခြေ ၂၆၀ ကျော် ပျက်စီး

ပအိုဝ်းဒေသတွင် ရေဘေးကြောင့် အိမ်ခြေ ၂၆၀ ကျော် ပျက်စီး

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်။ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ ကျေးရွာများတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် အိမ်ခြေ ၂၆၀ ကျော် ပျက်စီးပြီး လူ ၄၀ နီးပါး ထိခိုက်သေဆုံးခဲ့သည်ဟု ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

မဲနယ်တောင်ပေါ်တွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပွားသည့် စက်တင်ဘာလ ၁၁ ရက်နေ့မှစ၍ စက်တင်ဘာလ ၁၆ ရက်နေ့အထိ ကောက်ယူထားသော စာရင်းများဖြစ်ပြီး ကျေးရွာအားလုံး မဝင်နိုင်သေးသဖြင့် စာရင်း မတိကျနိုင်သေးဘူးဟု ဆိုသည်။

ကယ်ဆယ်ရေး ဆောင်ရွက်နေသည့် ပအိုဝ်းလူငယ် တစ်ဦးက “တောင်ပြိုလို့ တစ်မိသားစုလုံး မြေထဲ ရောက် သွားတာတွေလည်း ရှိတယ်။ ပျောက်နေတဲ့လူ အများစုက သေပြီလို့ ပြောရမလားပဲ။ နေရာတော်တော် များ များက စက်ပစ္စည်းပါမှ တူးလို့ရမှာ။ တူးပြီးမှ ဘယ်လောက် သေဆုံးတယ်ဆိုတာ ပြောလို့ရမှာ။ အခုက အကြမ်းဖျင်းပဲရမှာ” ဟု ပြောသည်။

သေဆုံးသူများမှာ ပန်းစောက်ကျေးရွာတွင် ၅ ဦး၊ စငေါကျေးရွာတွင် ၆ ဦး၊ လုံးဟီး(စံဖူး) ကျေးရွာအုပ်စုတွင် ၂၇ ဦး စုစုပေါင်း ၄၀ နီးပါးရှိနေပြီး ပျောက်ဆုံးနေသူများမှာ အယောက် ၁၀၀ နီးပါးခန့် ရှိနေသည်။

ထို့အပြင် သေဆုံးသူများအနက် ကျောင်းနေအရွယ် ကလေးတွေ ၃ ဦး၊ ကျောင်းအပ်ခွင့် မရသေးသည့် ၄ နှစ် အောက် ကလေး ၂ ဦးလည်း ပါဝင်ပြီး ကျန်သည့် အလောင်းများမှာ အတည်ပြု၍ မရသဖြင့် ဝတ်စားဆင်ယင်ပုံ အရသာ ကျား/မ ခွဲခြားထားသည်ဟု ကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူများက ပြောသည်။

ရေကြီးရေလျှံမှုနှင့် တောင်ပြိုမှုများကြောင့်လည်း ဗန်းစောက်ကျေးရွာတွင် လူနေအိမ် ၄၆ လုံး၊ ပန်းစောက်ကျေး ရွာမှာ ၁၀ လုံးကျော်၊ လုံးဟီး(စီဖူး)နှင့် လိုင်းကင်ကျေးရွာတို့တွင် ၂၁၆ လုံး စုစုပေါင်း ၂၇၂ လုံး ထိခိုက်ပျက်စီးခဲ့ရ သည်။

စငေါကျေးရွာတွင် နေထိုင်သူ တစ်ဦးက “ရေကကျပြီ။ လောလောဆယ် ဗန်းစောက်ရွာကနေ စငေါအထိပဲ သွားလို့ရမှာ။ အဲဒီ ၂ ရွာကနေ ဘယ်မှ ထပ်ကူးလို့ မရဘူး။ ဈေးလည်း မရှိတော့ဘူး။ ဘာမှလည်း ဝယ်လို့ မရဘူး။ အလှူရှင်လည်း မလာကြဘူး။ ရှိတာလေးနဲ့ အချင်းချင်း မျှနေရတယ်” ဟု ပြောသည်။

လတ်တလောတွင် စံဖူးကျေးရွာ တစ်ရွာတည်းကသာ စုံးရိမ်ရေမှတ်မှ လွတ်ကင်းနေသည် ဖြစ်ရာ ထိုကျေးရွာမှ တစ်ဆင့် ကုန်းနိမ့်ပိုင်းရှိ ကျန်သည့်ရွာများသို့ ဆက်လက် စီးဆင်းနေသဖြင့် ရေထွက်ပေါက် ချောင်း၊ မြောင်း မရှိသည့် ကျေးရွာများမှာ ရေမကျနိုင်ဘဲ ဖြစ်လျက်ရှိသည်။

မြန်မာနိုင်ငံတွင်း နေရာအများစုတွင် ရေဘေးနှင့် စစ်ဘေး တစ်မျိုးစီ ကြုံတွေ့နေရပြီး အချို့နေရာများမှာ ဘေးအန္တရာယ် ၂ မျိုးလုံးနှင့် ရင်ဆိုင်နေရသည့်အပြင် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များက ဆိုကြသည်။

ယခု ဖြစ်ပေါ်နေသည့် ရေဘေးမှာ YAGI မုန်တိုင်း အဖျားခတ်မှုကြောင့် ဖြစ်ပြီး စက်တင်ဘာလ ၁၉ ရက်နေ့အထိ မိုးဆက်လက် ရွာသွန်းနိုင်သဖြင့် သတိဝီရိယထား၍ နေထိုင်ကြရန် မိုးလေဝသ ခန့်မှန်းချက်အရ သတိပေးထား သည်။

ဓာတ်ပုံ - Crd
August 24, 2026
လူ့အခွင့်အရေး လှုပ်ရှားသူများ၊ နိုင်ငံရေးသမားများ၊ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
August 24, 2026
ရခိုင်ရိုးမဘက်သို့ ထိုးစစ်ဆင်ရန်အတွက် စစ်တပ်က မကွေးတိုင်း၊ မင်းတုန်းမြို့နယ်နှင့် ပဲခူးတိုင်း၊...
August 24, 2026
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) နယ်မြေနှင့် တော်...
ဓာတ်ပုံ - လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ရွှေကူမြို့နယ်အတွင်းမှ နေအိမ်တစ်လုံး
August 22, 2026
ကချင်ပြည် ရွှေကူမြို့နယ်အတွင်း လူနေရပ်ကွက်များနှင့် ကျေးရွာများကို စစ်တပ်က ဂျက်ဖိုက်တာများဖြင့်...