စစ်မှုထမ်း လူစားထိုးရန် မြိတ်မြို့နယ်အတွင်း ပိုက်ဆံကောက်

စစ်မှုထမ်း လူစားထိုးရန် မြိတ်မြို့နယ်အတွင်း ပိုက်ဆံကောက်

မြိတ်မြို့နယ်၊ သမုတ်ကျေးရွာအုပ်စုတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှ စစ်မှုထမ်း လူစားထိုးရန်အတွက် ပိုက်ဆံ ကောက်ခံနေပြီး မထည့်ပါက စစ်ကောင်စီကို တင်ပြပြီး ဖမ်းဆီးခိုင်းမည်ဟု ရွာသားများကို ခြိမ်းခြောက်မှုများ လုပ်နေသည်ဟု ရွာသားများက ပြောသည်။

သမုတ်ကျေးရွာအုပ်စုတွင် ကျေးရွာ ၇ ရွာ ပါဝင်ကာ အိမ်ထောင်စု ၂,၀၀၀ ကျော် ရှိနေပြီး ရာအိမ်မှူးများနှင့် ဆယ် အိမ်မှူးများက တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံပြောဆိုခဲ့ခြင်း ဖြစ်သည်။

စစ်မှုထမ်း လူစားထိုးရန်အတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၄၀,၀၀၀ ထည့်ဝင်ကြရန်နှင့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် တစ်ကြိမ်၊ လကုန် ၃၀ ရက်နေ့တွင် တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ် ခွဲထည့်ရန် စက်တင်ဘာလ ၁၂ ရက်နေ့က ပြောဆိုခဲ့သည်ဟု ရွာသားတစ်ဦးက ပြောသည်။

အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “ခြိမ်းခြောက် ပြောဆိုတာဆိုတော့ မထည့်လို့ မရတဲ့ အခြေအနေ ဖြစ်နေတယ်။ စစ်တပ်ဂိတ်ကလည်း အနီးနားမှာ ရှိနေတာဆိုတော့ ကြောက်နေရတယ်၊ မရှိပေမဲ့လည်း ရှာဖွေချေးငှားပြီး ထည့်ရမှာပဲ” ဟု ပြောသည်။

သမုတ်ကျေးရွာအုပ်စုတွင် စစ်မှုထမ်း လူစားထိုးရန်အတွက် ပိုက်ဆံကောက်ယူခြင်းမှာ ဒုတိယအကြိမ် ဖြစ်ပြီး ပထမအကြိမ်အဖြစ် ပြီးခဲ့သည့် ဇွန်လက တစ်အိမ်ကို ကျပ် ၅၀,၀၀၀ စီ ကောက်ယူခဲ့သေးသည်ဟု ရွာသားများ က ပြောသည်။

ရွာသားအများစုမှာ တစ်နိုင်တစ်ပိုင် တံငါလုပ်ငန်း လုပ်ကိုင်ကြသူများနှင့် ရာဘာခြံများတွင် နေ့စား ကျပန်း လုပ်ကိုင်နေကြရသူများမှာ ယခုကဲ့သို့ မိုးတွင်းကာလတွင် ခက်ခဲမှုများရှိနေပြီး အလုပ်အကိုင် ရှားပါးကြသည်ဟု  ဆိုသည်။

စက်တင်ဘာလ အစပိုင်းကလည်း မြိတ်မြို့နယ် သစ်ယာဝကျေးရွာတွင် စစ်မှုထမ်း အစားထိုးရန်အတွက် ငွေကျပ် ၄၀,၀၀၀ မထည့်ဝင်သည့် မိသားစုက လူငယ်တစ်ဦးကို အုပ်ချုပ်ရေးမှူးအဖွဲ့က ခိုးမှုဖြင့် အမှုဆင် ဖမ်းဆီးခဲ့ပြီး စစ်မှုထမ်းသင်တန်း ပို့ခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

အလုပ်အကိုင်များ ရှားပါးပြီး ကုန်ဈေးနှုန်းများ မြင့်တက်နေသည့် ကာလတွင် စစ်မှုထမ်း လူစားထိုးရန် အတွက် ငွေကျပ် ၄၀,၀၀၀ ထည့်ဝင်နိုင်ရန်အတွက် ခက်ခဲမှုများ ရှိနေသည်ဟု ရွာသားများက ပြောသည်။

မြိတ်မြို့နယ်အတွင်း သမုတ်ကျေးရွာအုပ်စု အပြင် စစ်ကောင်စီနှင့် ပျူစောထီးများ အားကောင်းသည့် သစ်ယာဝ၊ တညက်၊ ပသောင်း၊ မဇော စသည့် ကျေးရွာအုပ်စုများ၌လည်း ယခုကဲ့သို့မျိုး ခြိမ်းခြောက်ကာ ပိုက်ဆံကောက် နေသည်ဟု ရွာသားများက ပြောသည်။

March 30, 2026
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ကိုင်ပေးနေသော Synpex Shwe (SS) ကုမ္ပဏီသည်...
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရန်ကုန် ရန်ကင်း (Facebook)
March 28, 2026
နိုင်ငံကူးလက်မှတ် ဥပဒေသစ်ဖြင့် နိုင်ကျဉ်းဟောင်းများကို စစ်ကော်မရှင်က...
Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...