သံတွဲကျပြီးနောက် ဂွတိုက်ပွဲ ပိုမိုပြင်းထန်လာ

သံတွဲကျပြီးနောက် ဂွတိုက်ပွဲ ပိုမိုပြင်းထန်လာ

သံတွဲမြို့နယ်ကို အာရက္ခတပ်တော်(AA)က အလုံးစုံသိမ်းပိုက်ပြီးနောက် ရခိုင်တောင်ပိုင်းအစွန်ဆုံး ဂွမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ကြား နှစ်ဖက်တိုက်ပွဲများမှာ ပိုမိုပြင်းထန်လာခဲ့သည်။  

ဂွမြို့နယ် ကိုင်ခုံးရွာနှင့် ဂန့်ဂေါ်တောင်ဆည်အနီးတွင် စက်တင်ဘာ ၄ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားနေပြီး စက်တင်ဘာ ၁၀ ရက်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ပွားရာနေရာသို့ လေကြောင်း၊ ရေကြောင်းပစ်ကူများဖြင့် နေ့စဉ်ပစ်ခတ်မှုများရှိပြီး ယနေ့ စက်တင်ဘာလ ၁၁ ရက်တွင်လည်း လေကြောင်းဗုံးကြဲမှုများရှိကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ တိုက်ပွဲကတော့ နေ့တိုင်းလိုလို ဖြစ်နေကြတာ။ ပြင်းပြင်းထန်ထန်ဖြစ်တဲ့နေ့နဲ့ မိနစ်ပိုင်းလောက်ဖြစ်တဲ့နေ့လောက်ပဲ ကွာတယ်။ စစ်ကောင်စီကတော့ ရေကြောင်းပစ်ကူ၊ လေကြောင်းပစ်ကူတွေနဲ့ အဓိက ခုခံနေတာ။ အဓိကတော့ နေဗီကနေ လက်နက်ကြီးတွေ နေတိုင်း ပစ်ခတ်နေတာတွေရှိတယ်” ဟု ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေရာနှင့် ၂ မိုင်ကျော်အကွာ ရတနာမြိုင် (ကုလားပြင်) ကျေးရွာတွင် စစ်ကောင်စီက ခံစစ်အခိုင်အမာ ပြင်ဆင်ထားပြီး ဂွမြို့အခြေစိုက် ခမရ ၅၆၂ တပ်ရင်းမှတစ်ဆင့် အင်အားဖြည့်တင်းနေကြောင်း သိရသည်။

“ဂန့်ဂေါ်တောင်တိုက်ပွဲမှာ စစ်ကောင်စီက မြေပြင်မှာ အထိနာနေတာတွေရှိတယ်။ ကျိန္တလီနဲ့ ဂွမြို့ကြားက နယ်မြေတွေကို လက်လွှတ်ရမှာကို စစ်ကောင်စီက တော်တော်လေးစိုးရိမ်နေပုံရတယ်။ ဒါကြောင့် ရေကြောင်းပစ်ကူတွေကို အဓိကထားပြီး တိုက်ခိုက်‌နေတာ” ဟု စစ်ရေးအခြေအနေကို သိရှိသူတစ်ဦးက ပြောသည်။

ဂွမြို့နယ်တွင် ဩဂုတ်လ ၈ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး AA က ကျိန္တလီမြို့ကို ဩဂုတ် ၁၃ ရက်မှစ၍ ထိန်းချုပ်ထားပြီဖြစ်သည်။

တိုက်ပွဲဖြစ်ပွားချိန်မှစ၍ စစ်ကောင်စီက လမ်းခရီးသွားလာခွင့် ကန့်သတ်ပိတ်ထား၍ ဂွမြို့နယ်အတွင်း ကုန်စည်ပြတ်လပ်ကာ ဒေသခံများမှာ စားဝတ်နေရေး၊ ဆေးဝါးအခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။  

ဂွတိုက်ပွဲများ အချိန်ကာလတစ်ခုထိ ရပ်တန့်နေခဲ့သော်လည်း မောင်တောမြို့ကျလုနီးပါး အခြေအနေနှင့်အတူ သံတွဲမြို့နယ်ကို AA က အလုံးစုံ သိမ်းပိုက်ပြီးနောက် တိုက်ပွဲပြန်လည် ပြင်းထန်လာခြင်း ဖြစ်သည်။

“AA က ရခိုင်တစ်ပြည်လုံးကို သိမ်းပိုက်ထိန်းချုပ်သွားမယ်လို့ ပြောဆိုထားတာကြောင့် ရည်မှန်းချက်အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် တိုက်ခိုက်သိမ်းပိုက်သွားမှာ ဖြစ်တယ်။ အချိန်က အနှေးနဲ့အမြန်လောက်ပဲရှိမယ်” ဟု ရခိုင်စစ်ရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောသည်။

ရခိုင်တိုက်ပွဲ ဆယ်လနီးပါးအတွင်း AA သည် ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်က မြို့နယ် ၁၀ ခုအထိ သိမ်းပိုက် ထိန်းချုပ်ထားသည်။ စစ်ကောင်စီ၏ အကြီးဆုံးတပ်ရင်းဌာနချုပ်များရှိသည့် စစ်တွေ၊ အမ်း၊ ကျောက်ဖြူ မြို့နယ်များကိုလည်း AA က ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်လျက်ရှိသည်။

ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကို ဧပြီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 5, 2026
ရခိုင်ပြည်၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့မှ စစ်ဘေးရှောင် ၃ ထောင်ကျော်မှာ...
ယခုနှစ်အစောပိုင်းက တိုက်ပွဲကြောင့် ကျောက်ဖြူဒေသခံများ ထွက်ပြေးကြစဉ်။ ဓာတ်ပုံ - ဇင်ချောင်းလူငယ်ပရဟိတအသင်း။
June 4, 2026
ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ပိန္နဲတောင်တန်း အနီးတစ်ဝိုက်တွင် နေထိုင်နေကြသော ကျောက်ဖြူမြို့နယ်က...
AA သိမ်းပိုက်ပြီးနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk
June 3, 2026
စစ်အုပ်စုသည် ရခိုင်ပြည် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်...
၂၀၂၅၊ ဩဂုတ်လအတွင်း မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။ ဓာတ်ပုံ - DMG
June 1, 2026
ရခိုင်ပြည်အတွင်း အာဏာသိမ်းစစ်တပ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများကို လေကြောင်းနှင့်...