မော်လမြိုင်မြို့မှာ CDM ဆရာ၊ ဆရာမတွေ စာသင်ကြားခြင်း ရှိ မရှိ စစ်ကောင်စီ လိုက်လံ စစ်ဆေးနေ

မော်လမြိုင်မြို့မှာ CDM ဆရာ၊ ဆရာမတွေ စာသင်ကြားခြင်း ရှိ မရှိ စစ်ကောင်စီ လိုက်လံ စစ်ဆေးနေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM လုပ်ဆောင်ထားတဲ့ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေ စာသင်ကြားခြင်း ရှိ၊ မရှိ စစ်ကောင်စီ လက်အောက်ခံ ပညာရေးဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက လိုက်လံ စစ်ဆေးနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီ လက်အောက်ခံတွေက CDM လုပ်ဆောင်ထားတဲ့ ဆရာ၊ ဆရာမတွေ စာသင်ကြားခြင်း ရှိ၊ မရှိကို ပုဂ္ဂလိက ကိုယ်ပိုင် အထက်တန်းကျောင်းတွေ၊ စာသင်ဝိုင်းတွေ အပြင် ရပ်ကွက်တွေ အတွင်းက ကျူရှင်တွေအထိ ရှောင်တခင် လိုက်လံ စစ်ဆေးနေတာပါ။

အခုလို စစ်ဆေးတဲ့နေရာမှာလည်း ပုဂ္ဂလိက ကိုယ်ပိုင် အထက်တန်း ကျောင်းတွေမှာ CDM ဝန်ထမ်းတွေ မခန့်ဖို့ ယခင်ကာလမှာကတည်းက ခံဝန်လက်မှတ် ထိုးခိုင်းထားပြီးဖြစ်တဲ့ အတွက် လက်ရှိ CDM ဝန်ထမ်းတွေကို တွေ့ရှိပါက ဖမ်းဆီး အရေးယူမယ့်အပြင် ကျောင်းတွေကိုပါ ပိတ်သိမ်းမယ် ဆိုပြီး ခြိမ်းခြောက် ပြောဆိုတာတွေ ရှိတယ်လို့ သိရပါတယ်။

CDM ဆရာမတစ်ဦး ကတော့ လက်ရှိ စစ်ကောင်စီ လက်အောက်ခံတွေက CDM ဆရာ၊ ဆရာမ တွေကို ပုဂ္ဂလိကကျောင်းတွေမှာ ရှာဖွေတာ ရှိသလို CDM တွေကို စစ်ကောင်စီက အချိန်ပြည့် ဖိနှိပ်နေတဲ့အတွက် ကျီးလန့်စာစား နေရတယ်လို့ ပြောပါတယ်။

“ပုဂ္ဂလိကကျောင်းတွေမှာတော့ အဲဒီလိုမျိုးပေါ့နော်။ ပြန်ရှာတာတော့ ရှိတယ်။ အဲဒီလိုမျိုး CDM ဆရာမတွေကိုလေ။ အဲဒီလိုမျိုး အလုပ် မလုပ်ရဘူး ဘာညာ အဲဒါတော့ ကြားတယ်။ ပုဂ္ဂလိက ကျောင်းတွေမှာ တရားဝင်သင်ခွင့် မရှိဘူး၊ သူက ကဒ်တွေဘာတွေ လုပ်ရတယ် ဆိုတော့လေ။ အချို့ ကျောင်းတွေကလည်း CDM ဆရာမတွေဆိုရင် မခန့်ဘူးပေါ့နော်။ မခန့်ဘူး ဆိုတော့ အပြင်မှာ ပေါ်ပေါ် တင်တင် လုပ်စားဖို့တော့ ခက်တာပေါ့နော်။ ဖိနှိပ်တာကတော့ အချိန်ပြည့်ပဲပေါ့နော်။ အခုထက်ထိ ကျမတို့ စမတ်ကဒ်တောင် မလုပ်ရဲပါဘူး။ ဖိနှိပ်တာ ကတော့ အမြဲတမ်း ကျီးလန့်စာစားတော့ ရှိတာပေါ့” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာဆိုရင် CDM ဝန်ထမ်းတွေကို နည်းမျိုးစုံနဲ့ ပစ်မှတ်ထား စောင့်ကြည့်ပြီး ဖိနှိပ်မှု အမျိုးမျိုး လုပ်ဆောင်တာဟာ လက်ရှိ စစ်ရှုံးနေတဲ့ စစ်ကောင်စီ လက်အောက်ကနေ ဝန်ထမ်းတွေ CDM မလုပ်ဆောင်စေဖို့ ဖိနှိပ်ပြနေတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

CDM ဆရာ တစ်ဦးကလည်း လက်ရှိ စစ်ကောင်စီ အနေနဲ့ အခုလို လိုက်လံ စစ်ဆေးနေတာဟာ CDM ဝန်ထမ်းတွေကို စားပေါက် ပိတ်အောင် လုပ်ဆောင်တာ ဖြစ်တဲ့ အပြင် ကိုယ်ပိုင်ကျောင်းတွေကိုလည်း ငွေညှစ်ဖို့ လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောပါတယ်။

“အခုတလော ကိုယ်ပိုင်ကျောင်းတွေ ဇာတ်လမ်းက ကျွန်တော်တို့ CDM တွေကြီးပဲ မဟုတ်ဘူး။ အဲဒီ ကိုယ်ပိုင်ကျောင်းမှာ ရှိတဲ့ ဆရာ၊ ဆရာမ တွေနဲ့ ကိုယ်ပိုင်ကျောင်း တည်ထောင်သူတွေကိုပါ ထပ်ပြီးတော့ ညှစ်စားတဲ့ အကွက်ပေါ့နော်။ CDM တွေကိုလည်း ပိတ်စေ၊ ဟိုဘက်ကလည်း ညှစ်စေ။ တကယ်တော့ ပြန်ချုပ်ကြည့်ရင် ပုဂ္ဂလိက ပညာရေးဥပဒေရော လက်ရှိ သူတို့လုပ်နေတဲ့ဟာရော လုပ်ရပ်တွေရော (၂) ချက်ပဲ။ကျွန်တော်တို့ CDM ဝန်ထမ်းတွေ စားပေါက်ပိတ်စေ။ ကိုယ်ပိုင်ကျောင်း တွေဆီကနေပြီးတော့ သူတို့ ရသမျှ ညှစ်စားစေ၊ ဒါပဲ။ အဲဒီ (၂)ချက်ပဲ ရှိတာပါ။ အဲဒါ သူတို့ စလာကတည်းက လုပ်နေတာပါပဲ” လို့ ဆိုပါတယ်။

CDM ဝန်ထမ်းတွေကို အပြင်မှာ လုပ်ကိုင် စားသောက်လို့ မရအောင် လုပ်ဆောင်နေပေမယ့် တဖက်မှာတော့ စစ်ကောင်စီဟာဆိုရင် နိုင်ငံ့တာဝန် ထမ်းဆောင်ခဲ့ပြီး အမည်ပျက်စာရင်း (Black lists) တင်ခံရတဲ့ CDM ဝန်ထမ်းတွေကို ဌာနတွင်း ပြန်လာဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

လက်ရှိမှာလည်း စစ်ကောင်စီက CDM ဝန်ထမ်းတွေကို အာဏာသိမ်း ကာလတလျှောက် ဖမ်းဆီးနေပြီး ပုဒ်မအမျိုးမျိုး တပ်ကာ ထောင်ချတာ၊ နေအိမ် အဆောက်အဦနဲ့ လုပ်ငန်းတွေကို ချိတ်ပိတ်တာတွေ အပြင် CDM ဝန်ထမ်းတွေကို အလုပ်မခန့်ဖို့ ဖိအားပေးတာတွေ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာပါဝင်တဲ့ ပညာရေး၊ ကျန်းမာရေး အပါအဝင် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းပေါင်း ၃ သိန်းကျော် ရှိတယ်လို့ CDM ဝန်ထမ်းတွေက ပြောထားပါတယ်။

Most read this week

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...