စစ်ဘေးရှောင်တွေ များလာတဲ့ ကလေးမြို့ပေါ် မှာ အိမ်ဌားဖို့အိမ် ရှာရခက်လာ

စစ်ဘေးရှောင်တွေ များလာတဲ့ ကလေးမြို့ပေါ် မှာ အိမ်ဌားဖို့အိမ် ရှာရခက်လာ

စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်မှာ ဒေသခံပြည်သူအများစု ပြန်လာနေထိုင်လာကြသလို အနယ်နယ်အရပ်ရပ်က စစ်ဘေးရှောင်လာတဲ့သူတွေ များလာလို့ အိမ်ဌားဖို့အိမ် ရှာရခက်လာတယ်လို့ ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။

ကလေးမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာမျိုးတွေလုပ်လေ့ရှိတာတွေကြောင့်လည်း ရွာကနေ ပိုလုံခြုံမယ်ထင်တဲ့ မြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်လာကြသူတွေနဲ့ ချင်းတောင်ဘက်ကနေ စစ်ဘေးရှောင်လာတဲ့သူတွေ များလာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကလေးမြို့ဒေသခံတစ်ဦးက “တချို့ရွာတွေဆို တိုက်ပွဲမရှိရင်တောင် လက်နက်ကြီးနဲ့အချိန်မရွေး ပစ်ခတ်တိုက်ခိုက်ခံနေရသေးတယ်လေ အဲဒါတွေကြောင့် ပိုလုံခြုံမယ်ထင်တဲ့ မြို့ပေါ်မှာ အိမ်အဌားရှာပြီးနေကြတာများတယ်။နောက်ပြီး ချင်းတောင်ဘက်ကနေ လာတဲ့စစ်ဘေးရှောင်တွေလည်း များလာတယ်။ အိမ်ဌားစျေးတွေလည်း တက်လာတယ် မြို့ပြင်ဘက်က အရင်တစ်လကို ၁ သိန်းနဲ့ ဌားတဲ့ဟာ အခုဆိုရင် ၁ သိန်းခွဲနဲ့ ဌားတယ်ပေါ့ တချို့ဆိုရင် အိမ်ဌားစရာမတွေ့လို့ ရှာနေကြရသူတွေလည်း များတယ်” လို့ Chin World Media ကိုပြောပြပါတယ်။

ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် အစောပိုင်းကာလမှာ ကလေးမြို့ရဲ့ လူဦးရေ အများစုဟာ အိန္ဒိယနယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ကြတာ၊ ပြည်မ ရန်ကုန် စတဲ့ မြို့တွေဆီကို ထွက်ပြေးတိမ်းရှောင်နေကြလို့ မြို့နေလူဦးရေ နည်းခဲ့ရာကနေ အခုတော့ မြို့မှာ စစ်ဘေးရှောင်တွေများလာပြီး အရင်လို ပြန်စည်ကားလာတယ်လို့ ကလေးမြို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နောက်ထပ် ကလေးမြို့ဒေသခံတစ်ဦးက “ အခုခေတ်ကာလမှာ စစ်ဘေးရှောင်ဖို့က မလွတ်ဘူး ပြည်ပ အိန္ဒိယလောက်ကို ထွက်ရင်တောင် လနည်းနည်းကြာရင် သိန်းလေးငါးရာဆိုတာ ခဏလေးကုန်တယ်။ အဲဒါကြောင့် ဒီကိုပြန်လာခဲ့ကြတယ် ထွက်သွားတဲ့သူ အများစုလည်း ပြန်လာကြတယ်” လို့ပြောပါတယ်။

ကလေးမြို့ပတ်ဝန်းကျင်နဲ့ ကလေးမြို့အတွင်းကို စစ်ရေး အရှိန်အဟုန်တိုးမြှင့်တိုက်ခိုက်သွားမှာဖြစ်လို့ မြို့တွင်းကနေ ပြည််သူတွေ အမြန်ဆုံးရှောင်ရှားကြဖို့ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ပြီးနောက် ကလေးမြို့နယ်က ဒေသခံတော်တော်များများ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာလည်းဖြစ်ပါတယ်။

May 26, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းယောဒေသနဲ့ ပုံတောင်ပုံညာမှာ  စစ်ကောင်စီတပ်အင်အား ၁,၀၀၀...
May 25, 2026
ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/ CPA ) အဖွဲ့ဝင်တွေထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်...
May 23, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နဲ့ ၂ မိုင် အကွာမှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ချင်းလက်နက်ကိုင်...
May 22, 2026
နေရပ်ပြန်မယ့် ဖလမ်းမြို့ ဒေသခံတွေအတွက် ဖလမ်းခရစ်ယာန်ဓမ္မအမှုတော်ဆောင်များ မိတ်သဟာယ ( FCMF) က...