ရခိုင်တွင် ဆေးဝါးပြတ်လပ်၍ သေဆုံးသူ ၁၀ ဦးခန့်ရှိလာ

ရခိုင်တွင် ဆေးဝါးပြတ်လပ်၍ သေဆုံးသူ ၁၀ ဦးခန့်ရှိလာ

စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသည့် ရခိုင်ဒေသတွင် ဆေးဝါးပြတ်လပ်မှုကြောင့် ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်တို့တွင် အသက်သေဆုံးသူ ၁၀ ဦးခန့်ရှိကြောင်း သိရသည်။

 

ပုဏ္ဏားကျွန်းမြို့နယ်တွင် ၅ ဦး၊ ပေါက်တောမြို့နယ်တွင် ၂ ဦး၊ ကျောက်ဖြူမြို့နယ်တွင် ၁ ဦး၊ ရမ်းဗြဲမြို့နယ်တွင် ၁ ဦး တို့ဖြစ်သည်။ (ယခုစာရင်းမှာ DMG က လက်လှမ်းမီသလောက် ကောက်ယူထားခြင်းဖြစ်သည်။)

ကျောက်ဖြူမြို့နယ်၊ မရဇိုင်းတိုက်နယ်၊ မင်းဂံကျေးရွာမှ နှာတာရှည်ရောဂါသည် အမျိုးသမီးတစ်ဦးမှာ ဆေးဝါးပြတ်လပ်မှုကြောင့် သေဆုံးသွားခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

“ဆေးဝါးသယ်ယူခွင့်ပိတ်ထားလို့ ဆေးဝါးပြတ်လပ်နေတာ။ မရဇိုင်းမှာ တိုက်နယ်ဆေးရုံမရှိသလို ဆရာဝန်လည်း မရှိဘူး။ ကျောက်ဖြူမြို့ကို စက်လှေနဲ့ တစ်နာရီခွဲလောက် သွားရတယ်။ အခု ကျောက်ဖြူမြို့ကိုလည်း သွားလို့မရတော့ မသေသင့်ဘဲ သေဆုံးခဲ့ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆေးဝါးပြတ်လပ်မှုနှင့်အတူ လမ်းခရီးသွားလာမှု ကန့်သတ်ထားခြင်းကြောင့် ဒေသခံများမှာ ကျန်းမာရေးကိစ္စနှင့် ပတ်သက်၍ စိန်ခေါ်မှုများစွာရှိနေပြီး အချိန်မီဆေးကုသခွင့် မရရှိ၍ သေဆုံးသူဦးရေ တိုးလာနေခြင်းဖြစ်သည်။



ရမ်းဗြဲမြို့နယ်၊ စကုကျွန်းတွင်လည်း ဆေးဝါးပြတ်လပ်နေပြီး အခြားဒေသများသို့ သွားရောက်ဆေးကုသမှုခံယူရန် အခက်အခဲရှိ၍ အရေးပေါ်လူနာတစ်ဦးမှာ ယခုရက်ပိုင်းအတွင်း သေဆုံးခဲ့ရသည်။

ယင်းအပြင် ပေါက်တောမြို့နယ်၊ ဆားပြင်ကျေးရွာမှ အသည်းရောဂါသည် အမျိုးသားတစ်ဦးမှာ ပုံမှန်သောက်နေကျ ဆေးဝါးရှာမရသဖြင့် ဩဂုတ်လ ဒုတိယသီတင်းပတ်အတွင်း သေဆုံးသွားခဲ့သည်။

မိသားစုဝင်တစ်ဦးက “သူက တိုက်ပွဲမဖြစ်ခင်က ရန်ကုန်မှာ ဆေးကုသမှုခံယူခဲ့တယ်။ ဆရာဝန်က ဆေး ၆ လစာ ပေးလိုက်တယ်။ ၆ လပြည့်ရင် နောက်တစ်ခေါက်လာပြရမယ်လို့ ပြောတယ်။ တိုက်ပွဲဖြစ်တော့ ရန်ကုန်ကိုလည်း သွားလို့မရတော့ဘူး။ ဒီမှာလည်း ဆေးမရှိတဲ့အတွက် သေသွားတာ” ဟု ပြောသည်။

စစ်ကောင်စီထိန်းချုပ်ထားဆဲ စစ်တွေ၊ အမ်း၊ ကျောက်ဖြူ၊ ဂွ၊ မာန်အောင် မြိုနယ်များတွင် မြိုပေါ်ဆေးရုံများ ဖွင့်လှစ်ထားသော်လည်း ဆေးဝါးမစုံလင်မှု၊ ဝန်ထမ်းများ စစ်ဘေးတိမ်းရှောင်နေခြင်းကြောင့် ဒေသခံများမှာ ကျန်းမာရေးကိစ္စနှင့်ပတ်သက်၍ အခက်အခဲများ ရှိနေကြသည်။

AA ထိန်းချုပ်ဒေသများတွင် ဆေးရုံ၊ ဆေးခန်းများဖွင့်လှစ်ပြီး ပြည်သူများ၏ကျန်းမာရေးကိစ္စ အဆင်ပြေအောင် ဆောင်ရွက်ပေးနေသော်လည်း စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုများရှိနေ၍ သွားရောက်ဆေးကုသရန် ဒေသခံများက စိုးရိမ်နေကြသည်။

တိုက်ပွဲစတင်ချိန်မှစ၍ စစ်ကောင်စီသည် ဖြတ်လေးဖြတ် စစ်ရေးဗျူဟာကျင့်သုံးနေသဖြင့် ရခိုင်ဒေသခံများမှာ ကုန်စည်၊ စားနပ်ရိက္ခာ၊ ဆေးဝါးပြတ်လပ်မှုကြောင့် ထိခိုနစ်နာမှုများစွာ ခံစားနေကြရသည်။

စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၁၉ ခုနှစ်က တွေ့ရစဥ်။ ဓာတ်ပုံ - AA Info Desk
June 6, 2026
ရခိုင်ပြည်၊ စစ်တွေမြို့အနီးတွင် အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်(AA)တို့၏ တိုက်ပွဲများသည်...
ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကို ဧပြီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 5, 2026
ရခိုင်ပြည်၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့မှ စစ်ဘေးရှောင် ၃ ထောင်ကျော်မှာ...
ယခုနှစ်အစောပိုင်းက တိုက်ပွဲကြောင့် ကျောက်ဖြူဒေသခံများ ထွက်ပြေးကြစဉ်။ ဓာတ်ပုံ - ဇင်ချောင်းလူငယ်ပရဟိတအသင်း။
June 4, 2026
ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ပိန္နဲတောင်တန်း အနီးတစ်ဝိုက်တွင် နေထိုင်နေကြသော ကျောက်ဖြူမြို့နယ်က...
AA သိမ်းပိုက်ပြီးနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk
June 3, 2026
စစ်အုပ်စုသည် ရခိုင်ပြည် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်...