တရုတ်စီမံကိန်း ၁၁ ခုအနက် ၉ ခုကို AA တစိတ်တပိုင်း ထိန်းချုပ်

တရုတ်စီမံကိန်း ၁၁ ခုအနက် ၉ ခုကို AA တစိတ်တပိုင်း ထိန်းချုပ်

ရခိုင်ပြည်တွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၁ ခုရှိသည့်အနက် စီမံကိန်း ၉ ခုကို အာရက္ခတပ်တော်(AA)က တစိတ်တပိုင်း ထိန်းချုပ်ထားပြီဖြစ်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

ဩဂုတ်လ ၁၈ ရက်ထိ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွာရေးဇုန်‌၊ ကျောက်ဖြူသဘာဝဓာတ်ငွေ့သုံး စွမ်းအင်စီမံကိန်း၊ ရေနံပိုက်လိုင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ကျောက်ဖြူ - အမ်းရထားလမ်း၊ မန္တလေး - ကျောက်ဖြူရထားလမ်း၊ မန္တလေး - ကျောက်ဖြူကားလမ်း၊ ကျောက်ဖြူ - နေပြည်တော်ကားလမ်း၊ သံတွဲလေအားလျှပ်စစ်စီမံကိန်း တို့ကို AA က တစိတ်တပိုင်း ထိန်းချုပ်ထားသည်။

AA ထိန်းချုပ်ထားသည့် တရုတ်စီမံကိန်းများ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံနှင့် အထက်ရှိပြီး အကောင်အထည် မဖော်ရသေး၍ တန်ဖိုးမသိရသေးသည့် စီမံကိန်းများလည်း ပါဝင်ကြောင်း ISP - Myanmar က ဆိုသည်။

AA အနေဖြင့် ၎င်းတို့ထိန်းချုပ်ထားသည့် စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်ရန် အားပေးမည်ဖြစ်ပြီး ဟန့်တားမှု ပြုလုပ်မည်မဟုတ်ကြောင်း စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။

“AA က တစိတ်တပိုင်းထိန်းချုပ်ထားတဲ့ စီမံကိန်းတွေကို တစ်စုံတစ်ရာ ဟန့်တားမှုမရှိဘဲ အားပေးမှာဖြစ်တယ်။ AA ရဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု မူဝါဒအရလည်း ကာကွယ်ပေးသွားမယ်လို့ ပြောထားတယ်။

စီမံကိန်းတွေအကုန်လုံး AA လက်အောက်ကို ရောက်သွားမယ်ဆိုရင် နှစ်ဖက်တာဝန်ရှိသူတွေကြားမှာ အကျိုးအမြတ် ခံစားခွင့်တွေ၊ ဆွေးနွေးမှုတွေ ပြုလုပ်လာနိုင်တယ်” ဟု သူက ပြောသည်။

ရခိုင်ဒေသအတွက် အကျိုးစီးပွားဖြစ်ထွန်းသော၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုသည့် မည်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို ကြိုဆိုပြီး၊ ရင်းနှီးမြှုပ်နှံသူများ၏ လုံခြုံရေးနှင့် အသက်အန္တရာယ်ကိုလည်း ကာကွယ်ပေးမည်ဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။

လက်ရှိတွင် တရုတ်စီမံကိန်းများရှိသည့် ရမ်းဗြဲမြို့နယ်၊ ကျောက်ဖြူမြို့နယ်ရှိ စနဲမြို့၊ အမ်းမြို့နယ်ရှိ တပ်တောင်မြို့၊ တောင်ကုတ်မြို့နယ်ရှိ မအီမြို့နှင့် သံတွဲမြို့တို့ကို AA က သိမ်းပိုက်ထားသည်။ ယင်းအပြင် အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို ပိတ်ဆို့ပြီး ထိုးစစ်ဆင်နေသည်။

စစ်ကောင်စီကလည်း ၎င်းတို့ထိန်းချုပ်ဆဲဒေသများ မဆုံးရှုံးစေရန် AA အပြည့်အဝထိန်းချုပ်နိုင်ခြင်း မရှိသေးသည့် တရုတ်စီမံကိန်းများကို အကာကွယ်ယူပြီး ထိန်းချုပ်ရန် ကြိုးစားနေကြောင်း နိုင်ငံရေးသမားများက ရှုမြင်ကြသည်။

“စစ်ကောင်စီက ကျောက်ဖြူမြို့ကို ဆက်ထိန်းထားနိုင်ဖို့အတွက် တရုတ်ရဲ့စီမံကိန်းတွေနဲ့ အကာကွယ်လိုချင်တဲ့ အခြေအနေတွေရှိတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထွန်းကြည်က ပြောသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင်စတင်သည့် စစ်ကောင်စီနှင့် AA တို့၏ တကျော့ပြန်တိုက်ပွဲများမှာ ၉ လကျော်ထိ ကြာမြင့်လာပြီး ရခိုင်က မြို့နယ် ၉ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထားသည်။

စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၁၉ ခုနှစ်က တွေ့ရစဥ်။ ဓာတ်ပုံ - AA Info Desk
June 6, 2026
ရခိုင်ပြည်၊ စစ်တွေမြို့အနီးတွင် အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်(AA)တို့၏ တိုက်ပွဲများသည်...
ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကို ဧပြီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 5, 2026
ရခိုင်ပြည်၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့မှ စစ်ဘေးရှောင် ၃ ထောင်ကျော်မှာ...
ယခုနှစ်အစောပိုင်းက တိုက်ပွဲကြောင့် ကျောက်ဖြူဒေသခံများ ထွက်ပြေးကြစဉ်။ ဓာတ်ပုံ - ဇင်ချောင်းလူငယ်ပရဟိတအသင်း။
June 4, 2026
ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ပိန္နဲတောင်တန်း အနီးတစ်ဝိုက်တွင် နေထိုင်နေကြသော ကျောက်ဖြူမြို့နယ်က...
AA သိမ်းပိုက်ပြီးနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk
June 3, 2026
စစ်အုပ်စုသည် ရခိုင်ပြည် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်...