တိုက်ပွဲမရှိဘဲ တနင်္သာရီကကျေးရွာတွေ ဆက်တိုက်ဗုံးကြဲခံနေရ

တိုက်ပွဲမရှိဘဲ တနင်္သာရီကကျေးရွာတွေ ဆက်တိုက်ဗုံးကြဲခံနေရ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီလေ တပ်က လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

ဩဂုတ်လ ပထမအပတ်ကစပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီလေတပ်က သကျက်၊ ဆင်းခေါင်၊ ကျောက်မိကျောင်း၊ ဂဏန်းကွင်း၊ ကွင်းသစ်၊ ညောင်ပင်းကွင်းနဲ့ ထုံမခါစတဲ့ ကျေးရွာတွေကို Mi-2 နဲ့ K8W အပါအဝင် ဂျက်တိုက်လေယာဉ်တွေနဲ့ ၅ ကြိမ်ထက်မနည်း ဗုံးကြဲချခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဩဂုတ် ၂၀ ရက်နေ့ နေ့လည်ပိုင်းကလည်း တနင်္သာရီမြို့နယ် ထုံမခါကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက K8W ဂျက်ဖိုက်တာတိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အချို့ကျေးရွာတွေက ဒေသခံတွေဟာ ကျေးရွာအတွင်း မနေရဲတော့တာကြောင့် နီးစပ်ရာကျေးရွာတွေနဲ့ တောတောင်တွေမှာ တိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီနေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသားတစ်ဦးက စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အိုးပစ်အိမ်ပစ် ထွက်ပြေးတိမ်းရှောင်နေတဲ့အပြင် ဘယ်အချိန်လေယာဉ်လာမလဲဆိုပြီး စိုးရိမ်ပူပန်နေရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဟာ ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို သွေးခွဲလိုတာကြောင့် လုပ်ဆောင်တာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေရဲ့ ပစ်မှတ်ကို အတည်တကျမသိဘဲ မြေပြင်သတင်းပေးမှုတွေကြောင့် အခုလိုဗုံးကြဲနေတာဖြစ်နေတယ်လို့ နဂါးနီတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုနဂါးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တစ်ဖက်မှာလည်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ သေဆုံးတာတွေ မရှိပေမယ့် ဒေသ ခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ဘုန်ကြီးကျောင်းနဲ့နေအိမ်အချို့ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တနင်္သာရီမြို့နယ်က ကျေးရွာတွေဟာ ပြီးခဲ့တဲ့လက ရေကြီးရေလျှံမှုတွေကြောင့် တစ်မြို့နယ်လုံးနီးပါး ရေဘေးဒုက္ခကို ကြုံတွေ့ခဲ့ရသလို လက်ရှိမှာလည်း စစ်ကောင်စီရဲ့ မကြာခဏလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတွေဟာ ကိုယ်နည်းကိုယ့်ဟန်နဲ့ တောတောင်တွေထဲမှာ တိမ်း ရှောင်နေရလို့ နွေဦးမေတ္တာစစ်ဘေးရှောင် ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တနင်္သာရီတိုင်းမှာတော့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုတွေနဲ့ ရက်ရှည်တိုက်ပွဲတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၆၃,၆၀၀ ကျော်အထိ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

June 29, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘီးလင်းမြစ်ကြောင်းတစ်လျှောက်ရှိ ရွှေမျောလုပ်ကွက်တွေ သုံးရက်ဆက်တိုက်...
ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...
ဓာတ်ပုံ-MOI
June 26, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို  မှတ်ပုံတင် ...
June 25, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအသစ် လက်ထက်မှာ...