ရခိုင်ဒေသက ကလေးငယ်များ ကာကွယ်ဆေးထိုးခွင့် ဆုံးရှုံးနေ၍ မိဘများစိုးရိမ်

ရခိုင်ဒေသက ကလေးငယ်များ ကာကွယ်ဆေးထိုးခွင့် ဆုံးရှုံးနေ၍ မိဘများစိုးရိမ်

စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ စစ်ရေးပြင်းထန်နေသော ရခိုင်ဒေသအတွင်းရှိ ကလေးသူငယ်များမှာ ပုံမှန် ကာကွယ်ဆေးထိုးခွင့် ဆုံးရှုံးနေသဖြင့် အုပ်ထိန်းသူများမှာ ကလေးကျန်းမာရေးအတွက် စိုးရိမ်နေကြသည်။

ကာကွယ်ဆေးမထိုးရ၍ ကလေးငယ်များ၏ ကျန်းမာရေးချို့တဲ့လာမည်ကို စိုးရိမ်မိကြောင်း ကျောက်တော်မြို့နယ်မှ ကလေးနှစ်ယောက်မိခင်တစ်ဦးက ပြောသည်။

“အကြီးကောင်လေးတုန်းကဆို နာ့စ်မတို့ဘာတို့ ရွာတွေဆင်းပြီး ထိုးပေးတာတွေရှိတယ်။ ကာကွယ်ဆေးအတွက် မပူရဘူး။ ဘယ်လမှာ ဘယ်ဆေး၊ ဝက်သက်ဆေးတို့ ပိုလီယိုတို့ပေါ့။ အခု အငယ်လေးကျတော့ မထိုးရတော့ဘူး။ ကာကွယ်ဆေး ပုံမှန်မထိုးရတော့ ကလေးကျန်းမာရေးအတွက် စိတ်ပူနေရတယ်” ဟု ပြောသည်။

ကလေးငယ်များအား ပုံမှန်အားဖြင့် ပြင်းထန်တီဘီ၊ အသည်းရောင်အသားဝါ ၅ မျိုးစပ်၊ ပိုလီယို၊ ဝမ်းပျက်ဝမ်းလျှော၊ ဝက်သက် စသည့်ရောဂါများအပြင် ရောဂါ ၁၂ မျိုးအတွက် ကာကွယ်ဆေးများကို အသက် ၂ လမှ ၁၀ နှစ်အထိ သတ်မှတ်ထားသော အရွယ်အလိုက် ထိုးနှံပေးရသည်။

တကျော့ပြန်စစ်ပွဲများ ပြန်လည်စတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစကာ  ရခိုင်ဒေသကို ကုန်းလမ်း၊ ရေလမ်း ဖြတ်တောက်ကာ ကုန်ပစ္စည်းသယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားသဖြင့် ဆေးဝါးပြတ်လပ်မှုနှင့်အတူ ကလေးငယ်များမှာ ကာကွယ်ဆေးထိုးခွင့် မရဖြစ်နေရသည်။

လက်ရှိတွင် ရခိုင်က စစ်ရှောင်ကလေးများမှာ ဝမ်းပျက်ဝမ်းလျှောအပြင် ငှက်ဖျားနှင့် တုပ်ကွေးရောဂါများ အဖြစ်များလာကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

မြောက်ဦးမြို့နယ်တွင် စစ်ဘေးရှောင်နေသူ အမျိုးသမီးတစ်ဦးက “ဆေးမထိုးရတာနဲ့ မိုးရာသီလည်း ဖြစ်နေတော့ ကလေးတွေဆို တုပ်ကွေးတို့ ငှက်ဖျားတို့ တော်တော်ဖြစ်လာတယ်။ ဝမ်းလျှောတာတွေလည်း ခါတိုင်းထက် ပိုဖြစ်လာတယ် ” ဟု ပြောသည်။

ရခိုင်ဒေသတွင်း မြို့နယ်အသီးသီးက စစ်ဘေးရှောင်စခန်းများတွင် ဆေးဝါးပြတ်လပ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု မရရှိမှုများကြောင့် ကလေးများ နေမကောင်းဖြစ်မည်ကို စိုးရိမ်စရာဖြစ်လာကြောင်း ပြောကြသည်။

ယခင်က အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ကာကွယ်ဆေးကို အခမဲ့ရနိုင်သော်လည်း လက်ရှိတွင် တိုက်ပွဲပြင်းထန်နေမှုနှင့်အတူ လူသားချင်းစာနာမှုဆိုင်ရာ အခွင့်အရေးများ ဆုံးရှုံးနေကြရသည်။

မြောက်ဦးမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက “ကာကွယ်ဆေး မထိုးရတော့ ကလေးတွေမှာ ဂျပန်ဦးနှောက်ရောင်တို့၊ ဝက်သက်တို့၊ တုပ်ကွေးတို့လိုရောဂါတွေ အဖြစ်များလာနိုင်တယ်။ အခု မိုးရာသီဆိုရင် ဂျပန်ဦးနှောက်ရောင်ရောဂါ၊ သွေးလွန်တုပ်ကွေးတို့ တော်တော်ဖြစ်လာတယ်။ စစ်ဘေးရှောင်စခန်းတွေမှာလည်း သောက်ရေမသန့်တော့ ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်တယ်။ ကာကွယ်ဆေးမထိုးရတော့ ကလေးတွေအတွက် ရောဂါဖြစ်နှုန်း ပိုများလာနိုင်တယ်” ဟု ပြောသည်။

ယခုခေတ်တွင် ဆန်းပြားသည့်ရောဂါ အမျိုးမျိုးဖြစ်နေသဖြင့် ကလေးတွေအတွက် ပုံမှန်ကာကွယ်ဆေးထိုးနိုင်ရန် အာရက္ခတပ်တော်(ULA/AA) တာဝန်ရှိသူများက ကြိုးစားလုပ်ဆောင်ပေးသင့်ကြောင်း တောင်းဆိုနေကြသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ULA/AA ၏ အာရက္ခပြည်သူကျန်းမာရေးဌာနကို DMG က ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။

ရခိုင်ပြည်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဇွန်လကုန်အထိ စစ်ရေးကြောင့် စစ်ဘေးရှောင်ဦးရေ ငါးသိန်းကျော်အထိ ရှိနေပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်ချက်မှာ အဆိုးရွားဆုံးအခြေအနေသို့ ရောက်နေကြောင်း UNOCHA က ဇူလိုင် ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...