ရခိုင် စစ်ဘေးရှောင်အချို့ အငတ်ဘေးကြုံနေရ

ရခိုင် စစ်ဘေးရှောင်အချို့ အငတ်ဘေးကြုံနေရ

စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်တွင် နေရပ်စွန့်ခွာသူဦးရေ တိုးလာနေပြီး မြို့နယ် ၄ ခုက စစ်ဘေးရှောင်အများအပြားမှာ အငတ်ဘေးနှင့် ကြုံနေရကြောင်း သတင်းရရှိသည်။

ကုန်သွယ်ရေးလမ်းပိတ်ထားမှုကြောင့် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေမှုနှင့် ကူညီထောက်ပံ့မှုများ မရရှိခြင်းကြောင့် သံတွဲ၊ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း စသည့် မြို့နယ်များတွင် အငတ်ဘေးနှင့် ကြုံနေရကြောင်း စစ်ဘေးရှောင်များနှင့် ကူညီသူများထံမှ သိရသည်။

သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်မှ စစ်ဘေးရှောင်တစ်ဦးက “ဆန်ကွဲကိုတောင် ဒီအတိုင်းချက်ပြီး မစားနိုင်တော့ဘူး။ ဆန်ပြုတ်ကြိုသောက်ရတာတွေ ရှိလာပြီ။ ကလေးတွေကလည်း ရှိသေးတော့ သူတို့ ဝမ်းဝဖို့ပဲ စိတ်ထဲထည့်နိုင်တယ်။ ငါးလည်းရှာမရ၊ ဆန်ကလည်း ဈေးတက်ဆိုတော့ ရှေ့ဆက် ဘယ်လိုလုပ်မှ အဆင်ပြေမလဲ မတွေးတတ်တော့ဘူး” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲများ ပြန်လည်စတင်ခဲ့သည့် ၂၀၂၃ နိုဝင်ဘာလမှ  စတင်ကာ စစ်ကောင်စီက ရခိုင်ဒေသကို ကုန်းလမ်း၊ ရေလမ်း ဖြတ်တောက်ထားသဖြင့် စစ်ရှောင်များမှာ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့်အတူ စားဝတ်နေရေး ခက်ခဲမှုဒဏ်ကို ခံစားနေကြရသည်။

ထို့အတူ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့များကိုလည်း စစ်ကောင်စီက ခရီးသွားလာခွင့် ကန့်သတ်ပိတ်ဆို့ထား၍ စစ်ရှောင်များမှာ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရသည်။

ပေါက်တောမြို့နယ်တွင် စစ်ဘေးရှောင်နေသည့် စစ်တွေဒေသခံ အမျိုးသမီးတစ်ဦးက “ဝင်ငွေမရှိတော့ စားဝတ်နေရေး အရမ်းကျပ်တည်းတယ်။ ဘာအလုပ်မှ မလုပ်ရတော့ ဟင်းလည်း ဝယ်မစားနိုင်ဘူး။ ရှာစားလို့ရတဲ့နေ့ ရှာစားတယ်။ မရရင် ထမင်းရည်နဲ့ ထမင်းကို ရောပြီးသောက်ရတယ်” ဟု ဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်များမှာလည်း စားနပ်ရိက္ခာအခက်အခဲကြုံနေရပြီး အရေးပေါ် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုက စားနပ်ရိက္ခာပြတ်လပ်နေတဲ့ စစ်ရှောင်တွေများလာတယ်။ ကိုယ်ခံအားနည်းတဲ့ ကလေးတွေဆိုရင် ပိုပြီး ဆိုးတယ်။ အာဟာရမပြည့်ဝတဲ့အတွက် ပုံမှန်ထက် ဖွံ့ဖြိုးမှုနောက်ကျလာတယ်။ ရောဂါတွေလည်း အဖြစ်များလာတယ်။ ကျနော်တို့ ကူညီပေးနေပေမယ့် မလုံလောက်တော့ တခြားအဖွဲ့တွေကလည်း ကူညီပေးစေချင်တယ်” ဟု သူက ပြောသည်။

ရခိုင်ပြည်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဇွန်လကုန်အထိ စစ်ရေးကြောင့် စစ်ဘေးရှောင်သူဦးရေ ငါးသိန်းကျော်အထိရှိလာပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်ချက်မှာ အဆိုးရွားဆုံး အခြေအနေသို့ ရောက်နေကြောင်း UNOCHA က ဇူလိုင် ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်၊၊

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...