ကျိန္တလီမြို့ကနေ စစ်ကောင်စီ တပ်ဆုတ်ခွာ

ကျိန္တလီမြို့ကနေ စစ်ကောင်စီ တပ်ဆုတ်ခွာ

အာရက္ခတပ်တော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို မခံနိုင်တော့၍ ဂွမြို့နယ်၊ ကျိန္တလီမြို့ကနေ စစ်ကောင်စီတပ်ဖွဲ့များ ဆုတ်ခွာသွားကြောင်း ကျိန္တလီဒေသခံများထံမှ သိရသည်။

ကျိန္တလီမြို့ရှိ ရဲစခန်း၊ ထွေအုပ်၊ စည်ပင်၊ EPC စသည့် ရုံးများတွင် စစ်ကောင်စီက တပ်စွဲနေထိုင်ခဲ့ပြီး ဩဂုတ်လ ၁၁ ရက် ညနေပိုင်းမှစ၍ စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

“ ၁၁ ရက်နေ့ကစလို့ မြို့ထဲမှာ လက်နက်ငယ်သံ၊ လက်နက်ကြီးသံတွေနဲ့ ဆူညံနေတာ။ မနေ့က ညနေပိုင်း လောက်ကစပြီး မြို့ထဲမှာ အပစ်အခတ်တွေ ရပ်သွားတယ်။ စစ်ကောင်စီတပ်သားတွေ ဆုတ်သွားပြီလို့ သိရတယ် ” ဟု ကျိန္တလီဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ ညနေပိုင်းအချိန်တွင် စစ်ကောင်စီတပ်သားများမှာ မြို့မှဆုတ်ခွာကာ ကျိန္တလီမြို့တောင်ဘက် ကျိန္တလီ - ဂွကားလမးပေါ်ရှိ ကုလားပြင်ကျေးရွာ(ရတနာမြိုင်)တွင် တပ်စွဲထားကြောင်း သိရသည်။

အဆိုပါနေရာသို့ ဂွမြို့မှ စစ်ကူအင်အားများဖြင့် အခိုင်အမာတပ်စွဲထားပြီး ကုလားပြင်ကျေးရွာတွင် နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေကြောင်း ပြောဆိုကြသည်။

ကျိန္တလီတိုက်ပွဲတွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် မြို့တွင်း အပျက်အစီးများရှိခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်း ကျိန္တလီမြို့မှ လူမှုကူညီရေး လုပ်ဆောင်သူများထံမှ သိရသည်။

“မြို့ထဲကိုတော့ ဝင်လို့မရသေးဘူး။ မီးလောင်တာတွေရော၊ လေကြောင်းက ဗုံးကြဲတာတွေရော အပျက်အစီး တော်တော်များတယ်။ အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိနေတယ်။ အတိအကျတော့ မသိသေးဘူး” ဟု လူမှုကူညီရေး လုပ်ဆောင်သူတစ်ဦးက ပြောသည်။

ကျိန္တလီတိုက်ပွဲနှင့်ပတ်သက်၍ စစ်ကောင်စီနှင့် AA ပြောခွင့်ရသူတို့ကို DMG က ဆက်သွယ်နေဆဲ ဖြစ်သည်။

ကျိန္တလီဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြပြီး စစ်ကောင်စီတပ်စွဲနေသည့် ကုလားပြင်(ရတနာမြိုင်)၊ ကိုင်းခုံ၊ ဂန့်ဂေါ်တောင် စသည့်ကျေးရွာများမှ ဒေသခံများမှာလည်း တိမ်းရှောင်နေကြရသည်။

ဂွဒေသခံများမှာ ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့ဘက်သို့ တိမ်းရှောင်သူများပြားနေပြီး စစ်ကောင်စီ၏ ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးခံရမှုများလည်း ရှိနေကြောင်း သိရသည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...