မောင်တောတွင် တိုက်ပွဲကြောင့် မြိုလူမျိုး ၁ ထောင်ကျော် စားနပ်ရိက္ခာပြတ်လပ်နေ

မောင်တောတွင် တိုက်ပွဲကြောင့် မြိုလူမျိုး ၁ ထောင်ကျော် စားနပ်ရိက္ခာပြတ်လပ်နေ

ရခိုင်ပြည်၊ မောင်တောမြို့နယ်အတွင်း  စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA)တို့၏ တိုက်ပွဲများကြောင့် မောင်တော‌မြို့နယ် တောင်ပိုင်းဒေသရှိ စစ်ဘေးရှောင်များအပါအဝင် မြိုလူမျိုး ၁ ထောင်ကျော်သည် လက်ရှိတွင် စားနပ်ရိက္ခာပြတ်လပ်နေကြောင်း သိရသည်။

ကိုင်းကြီးမြိုကျေးရွာမှ ဒေသခံများ၊ ၃ မိုင်သီဟိုလ်အေးကျေးရွာမှ စစ်ဘေးရှောင်များ စုစုပေါင်း မြိုလူမျိုး ၁၃၀၀ ကျော်သည်  စားနပ်ရိက္ခာပြတ်လပ်နေကြပြီးအကူအညီများလိုအပ်လျက်ရှိနေကြကြောင်း ကိုင်းကြီး(မြို)ရွာမှလူကြီးတစ်ဦးက ပြောသည်။

" မောင်တောတောင်ပိုင်းက ကိုင်းကြီးကျေးရွာကို ၃ မိုင် သီဟိုလ်အေးကျေးရွာက စစ်ဘေးရှောင်လာကြတဲ့ လူ ၄၀၀ ကျော်လောက်လာပြီး ခိုလှုံနေတာရှိတယ်။ ကိုင်းကြီးမှာလည်း ဒေသခံ လူဦးရေ ၉၀၀ လောက်ရှိတယ်။ လူ ၁၃၀၀ ကျော် စားနပ်ရိက္ခာပြတ်ပြီး အခက်တွေ့နေကြတယ်။ အကူအညီ‌တွေလိုအပ်နေကြပါတယ်"ဟု လို ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကိုင်းကြီးမြိုကျေးရွာ၌ စိုက်ပျိုးထားကြသည့်စပါးများကို မရိတ်သိမ်းနိုင်ခဲ့သည့်အတွက် ဒေသခံများတွင် ဝမ်းစာဆန်များမရရှိခဲ့ဟု ရွာသားများက ပြောသည်။

ယင်းကြောင့် ရွာသို့ခိုလှုံလာသည့်စစ်ဘေးရှောင်များကိုလည်း မကူညီနိုင်သလို ရွာသားများတွင်လည်း စားနပ်ရိက္ခာရှားပါးနေသည်ဟု သိရသည်။

လက်ရှိတွင် တစ်နေ့တာဝမ်းစာဖူလုံရန် ရွာမှ ၈ မိုင်ခန့်ဝေးကွာသည့် မေယုတောထဲရှိ ကိုင်းကြီးရွာဟောင်း(မြို)ရွာပျက်သို့ သွားရောက်ကာ ဟင်းသီးဟင်းရွက်၊ သစ်ဥသစ်ဖုများရှာဖွေပြီး အသက်မွေးနေကြရကြောင်း ဒေသခံများက ပြောဆိုသည်။

ထိုသို့ရှာဖွေရရှိလာကြသည့် ဟင်းသီး၊ ဟင်းရွက်၊ သစ်ဥ၊ သစ်ဖုများအား ရွာမှ ၅ မိုင်ခန့်ဝေးကွာသည့် ရွှေဗဟို၊ သရီကုန်ဘောင်၊ ကိုင်းကြီး(ရခိုင်)၊ မောရဝတီ၊ ဥဒေါင်း စသည့်ကျေးရွာများသို့ သွားရောက်ရောင်းချပြီး အသက်မွေးနေကြရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ဘေးရှောင်လာသည့် သီဟိုလ်အေးကျေးရွာမှ ရွာလူကြီးတစ်ဦးက "ဟင်းသီဟင်းရွက်တွေက နေ့တိုင်းရှာမရနိုင်ကြဘူး။ စားသောက်ရေးအတွက်‌ စစ်‌ဘေးရှောင်လာသူတွေနဲ့ဒေသခံရွာသားတွေ အတော်လေးအခက်အခဲတွေ့နေကြရပါတယ်"ဟု ပြောဆိုသည်။

တိုက်ပွဲပြင်းထန်လျက်ရှိသည့် မောင်တောဒေသတွင် မောင်တောမြို့အနီးရှိ စစ်ကောင်စီ၏ နခခ(၅)တပ်ရင်းတစ်ခုတည်းသာ AA က သိမ်းပိုက်ရန် ကျန်တော့သည်။

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...