တကောင်းမြို့ကို PDF သိမ်းပိုက်

တကောင်းမြို့ကို PDF သိမ်းပိုက်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့မှ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် မြို့တမြို့လုံးကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

 

တကောင်းမြို့ရှိ  စစ်ကောင်စီတပ်စခန်းများကို ဩဂုတ်လ ၁၁ရက်နံနက် ၅နာရီမှ စတင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး ယမန်နေ့(ဩဂုတ်လ ၁၂ရက်) ညနေ၌သိမ်းပိုက်ရရှိခြင်းဟု သတင်းရရှိသည်။

” တကောင်းမြို့ကိုရပါပြီ။ လေကြောင်းအန္တရာယ်ပဲ ရှိပါတော့တယ်။ တမြို့လုံးရပါပြီ”ဟု ပြည်သူ့ကာကွယ်ရေး ထောက်ပို့ရဲဘော်တဦးကပြောသည်။

တကောင်းဒေသခံ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက “ သုံးနှစ်အကြာမှာ ကျွန်တော် အိမ်ပြန်နိုင်ခဲ့ပါပြီ” ဟု ဩဂုတ်လ ၁၂ရက်ညနေတွင် လူမှုကွန်ရက်၌ ရေးသားထားသည်။

 

မန္တလေးသပိတ်တက်ကြွလှုပ်ရှားသူ မအေးမြင့်အောင်အောင်ကလည်း “ ဇာတိမြေတကောင်းဟာ လွတ်မြောက်ခဲ့ပြီ” ဟု သူမ၏လူမှုကွန်ရက်စာမျက်နှာတွင် စာသားရေးသားထားသည်။

တကောင်းမြို့သိမ်းတိုက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသလက်အောက်ခံ PDFတပ်ရင်းများက တိုက်ခိုက်ခြင်းဟု သတင်းရရှိသည်။

မြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေထံ မဇ္ဈိမက ယနေ့(ဩဂုတ်လ ၁၃ရက်)နံနက်၌ ဆက်သွယ်မေးမြန်းရာ ၀န်ကြီးဌာနမှ တရားဝင်စာထုတ်ပြန်သွားမည် ဟု ဖြေကြားသည်။

တကောင်းမြို့သည့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းနယ်စပ်၌ တည်ရှိသည့်မြို့ဖြစ်သည်။

တကောင်းမြို့ရှိ မြို့မရဲစခန်း၊ တိုက်နယ်ဆေးရုံနှင့်လေးမျက်နှာဘုရားဝင်းအတွင်း အခိုင်အမာတပ်စွဲထားသည့် စစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီကလေကြောင်းမှ ပစ်ခတ်ရာ အရပ်သားအချို့သေဆုံးမှုရှိကြောင်း သတင်းရရှိသည်။မြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးသလို တိုက်ပွဲအတွင်းထိခိုက်မှုအခြေနေကိုလည်း အသေးစိတ်မသိရှိရသေးပေ။

May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...
May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...
May 15, 2026
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်အတွင်း မေလ ၁၂ ရက် ညနေပိုင်းက လူဦးရေအဆမတန်...