ဒုက္ခသည်စခန်းရှိ လူသစ်များကို ထိုင်းအာဏာပိုင်များ ဝင်စစ်သည့်အတွက် တစ်ချို့နယ်စပ်သို့ပြန်

ဒုက္ခသည်စခန်းရှိ လူသစ်များကို ထိုင်းအာဏာပိုင်များ ဝင်စစ်သည့်အတွက် တစ်ချို့နယ်စပ်သို့ပြန်

ထိုင်း - မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုး ကြောင့် ရောက်ရှိလာသည့် လူသစ်များကို ထိုင်းအာဏာပိုင်က ဝင်ရောက်စစ်ဆေးသည့်အတွက် လူသစ်တစ်ချို့ စိုးရိမ်ပြီး မြန်မာပြည်နယ်စပ်ဘက်သို့ ပြန်ရွေ့ပြောင်းသွားသူများရှိသည်ဟု စခန်းတာဝန်ရှိသူက ပြောသည်။

ယခု ဩဂုတ်ပထမအပတ်တွင် မယ်လနှင့် နို့ဖိုးဒုက္ခသည်စခန်းများ၌ လူသစ်များရောက်လာသည့် နေအိမ်တစ်ချို့ ကို ထိုင်းအာဏာပိုင်(ပလာ)က ဝင်ရောက်စစ်ဆေးမှုပြုလုပ်ခဲ့ပြီး လူသစ်ဖြစ်ပါက ဒုက္ခသည်စခန်းအတွင်းနေခွင့် မပေးဘဲ ပြန်ခိုင်းမှုများရှိသည်ဟု ကနဦး သိရသည်။

ထို့ကြောင့် လူသစ်တစ်ချို့သည် ထိုင်းအာဏာပိုင်များ လာရောက်မေးမြန်းမည်ကို စိုးရိမ်သည့်အတွက် စခန်း အတွင်း ဆက်နေမရဲကာ ပြန်သွားသူများရှိသလို တစ်ချို့သည် အခြားနေရာသို့ ပြောင်းရွေ့ သွားခြင်းများ ရှိသည်ဟု မယ်လဒုက္ခသည် စခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ လာစစ်မယ်ဆိုတော့ တချို့ကြောက်ပြီး ပြန်သွားတယ်။ တချို့ကတော့ ပြန်စရာနေရာမှမရှိဘူး ပြန်လို့လဲ မရတဲ့ သူတွေက ဘာဖြစ်ဖြစ် မပြန်ဘဲနေတာရှိတယ်။ ပလာတွေ(ထိုင်းတာဝန်ရှိသူ) လာစစ်တော့ သူတို့ကိုပြောတယ်။ ဒီစခန်းထဲမှာ နေလို့မရဘူး။ ပြန်ရမယ်ပေါ့ အဲလိုတော့ပြောတယ်။ ကျနော်တို့ကသူတို့အတွက် ကိုယ်စားပြုပြောလို့ ရတဲ့ လူမဟုတ်တော့ ဘယ်လိုမှလုပ်လို့မရဘူး” ဟု နို့ဖိုးစခန်းဥက္ကဌ စောကျော်ဝေါ်က ကေအိုင်စီသို့ ပြောသည်။

ဒုက္ခသည်စခန်းများသို့ ရောက်လာသည့် လူသစ်တစ်ချို့သည် နေရပ်ပြန်နေထိုင်ရန် လုံးဝအဆင်မပြေသလို အမှန် တကယ် ဒုက္ခရောက်ရှိပြီး နေထိုင်ရေးအခက်အခဲရှိသည့်အတွက် အဆိုပါဒုက္ခသည်များအတွက် ကိုယ်စားပြု ပြောဆို ပေးမည့် အဖွဲ့အစည်းလိုအပ်သည်ဟု အဆိုပါဒုက္ခသည် စခန်းတာဝန်ရှိသူက ဆိုသည်။

ထိုင်းအာဏာပိုင်များ နေရပ်ပြန်ခိုင်းသည့် လူသစ်များသည် ဒုက္ခသည် အသိအမှတ်ပြုစာရင်းတွင် နာမည်မရှိသည့် လူသစ် စာရင်းများဖြစ်ကြောင်း သိရသည်။

ယခင် ၁၉၇၅ ခုနှစ် ကတည်းက မြန်မာပြည်အရှေ့တောင်ပိုင်းဒေသတွင် ဖြစ်ပွားခဲ့သည့် စစ်ရေးအခြေအနေ ကြောင့် စစ်ဘေးသင့်သူများ ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၁၉၈၄ ခုနှစ်တွင် ထိုင်းအစိုးရမှ ဒုက္ခသည်စခန်းများကို တည်ထောင်ခွင့်ပေးကာ ထိုင်းမြန်မာနယ်စပ်တစ်လျှောက်တွင် ယနေ့ချိန်ထိ ဒုက္ခသည် စခန်း ၉ ခု ရှိသည်။

ထိုဒုက္ခသည်စခန်း ၉ ခုတွင် မဲဟောင်ဆောင်ခရိုင်ရှိ ကရင်နီအများစု နေထိုင်သည့် ဒုက္ခသည်စခန်း၂ ခုကို ကရင်နီ ဒုက္ခသည်ကော်မတီ(KnRC)က စီမံမှုခန့်ခွဲ၊ ကြီးကြပ်မှုလုပ်ဆောင်ကာ ကျန်ရှိသည့် မယ်လ၊ မယ်ရာမို၊ မယ်ရာဦး၊ အုန်းဖြန်၊ နိုဖိုး၊ ဘန့်ဒုံယမ်းနှင့် ထမ်းမဟင်းစခန်းတို့ကို ကရင်ဒုက္ခသည်များကော်မတီ (KRC)က စီမံခန့်ခွဲ ကြီးကြပ် လျက်ရှိကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ် အဆိုပါဒုက္ခသည်စခန်း ၉ ခုရှိ ဒုက္ခသည်များအတွက် လူသားချင်းစာနာ စားနပ်ရိက္ခာနှင့် အမိုးအကာလိုအပ်ချက်များကို နိုင်ငံ ၉ ခုမှ အစိုးရမဟုတ်သည့် INGO အဖွဲ့များပေါင်းစည်းထားသည့် TBC က ကူညီ ပံ့ပိုးပေးခြင်းရှိကာ ၂၀၂၃ ခုနှစ်တွင် လူသားချင်းစာနပ်ရိက္ခာကူညီပေးသည့် ဒုက္ခသည်အယောက်ပေါင်း ၈ သောင်းကျော်ရှိကြောင်း ၂၀၂၃ခုနှစ် အတွက် TBC က ထုတ်ပြန်ထားသည့် နှစ်စဉ်အစီရင်ခံစာ၌ ဖော်ပြထားသည်။

Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...
Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...
Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...