ကေအဲန်ယူ တနင်္သာရီမြို့နယ်ရုံးကို စစ်ကောင်စီကလေယာဉ်ဖြင့် ဗုံးနှစ်ကြိမ်ကြဲ

ကေအဲန်ယူ တနင်္သာရီမြို့နယ်ရုံးကို စစ်ကောင်စီကလေယာဉ်ဖြင့် ဗုံးနှစ်ကြိမ်ကြဲ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄) တနင်္သာရီမြို့နယ်ရုံးနှင့် အနီးဝန်း ကျင်ကို စစ်ကောင်စီက လေယာဉ် နှစ်စီးဖြင့် ဩဂုတ် ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် နှစ်ကြိမ်တိုင် ဗုံး ၇ လုံး ကြဲချ တိုက်ခိုက်ခဲ့သည်ဟု မြို့နယ်တာဝန်ရှိသူ ပဒိုစောထီးဝါးက အတည်ပြုပြောသည်။

“လေယာဉ် နှစ်စင်းနဲ့ရုံးကိုလာပစ်သွားတယ်။ ထိခိုက်မှုတော့မရှိဘူး။ တစ်ယောက်က လက်နည်းနည်းထိသွားတယ် စိုးရိမ်စရာ မရှိပါဘူး။ ပြီးတော့ တကယ်ပလောသောကျေးရွာ ဘောလုံးကွင်းကို သွားပစ်တာက ကရင့်အာဇာနည် နေ့အတွက် ဘော်လုံးပွဲကျင်းပတာရှိတယ်။ အဲဒါသူတို့ သတင်းရထားလို့ လာပစ်တယ်လို့ ပြောလို့ရတယ်”ဟု ပဒိုစောထီးဝါးက ကေအိုင်စီသို့ ပြောသည်။

ယခုလို ကရင့်အာဇာနည်နေ့ အထိမ်းအမှတ် ဘောလုံးပွဲ ကျင်းပမည့် နေရာကို ဗုံးကြဲတိုက်ခိုက်ခံရသည့် အတွက် ဘောလုံးကစားသည့် လူငယ်များလည်း ပြောင်းရွှေ့ တိမ်းရှောင်နေရပြီး ဘောလုံးပွဲအစီအစဉ်ကို မြို့နယ်တာဝန် ရှိသူတို့က ဖျက်သိမ်းလိုက်သည်။

ယခုဖြစ်စဉ်တွင် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကျန်ရှိပြီး စစ်ကောင်စီပစ်ခတ်မှုကြောင့် မြို့နယ်ရုံး အဆောက် အဦး အနည်းငယ် ထိခိုက်ပျက်စီးသွားသော်လည်း များများစားစား မထိခိုက်ဟု မြို့နယ်တာဝန်ရှိသူက ပြောသည်။

ဘိတ်-ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီဘက်က မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်ခြင်း၊ လေကြောင်း တိုက်ခိုက် မှုများ မကြာခဏ ပြုလုပ်နေပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်နေဆဲ အခြေအနေရှိသည့်အတွက် ကျေးရွာအများအပြားမှ ဒေသခံတို့ တိမ်းရှောင်နေရပြီး လက်ရှိ စစ်ရှောင်ဦးရေ တစ်သိန်းကျော်ရှိသည်ဟု ခရိုင်က ထုတ်ပြန်ထားသည်။

Most read this week

April 11, 2026
“ကော်သူးလေအစိုးရကို ကော်သူးလေအုပ်ချုပ်ရေးကောင်စီဆိုပြီး ပြောင်းလဲသတ်မှတ်ဖို့ ရှိနေတယ်။...
Photo: KIC
April 11, 2026
ကော်သူးလေဖက်ရယ်ယူနစ်တည်ဆောက်ရေးတွင် အဓိကကျသော တော်လှန်ရေးကာလ ကော်သူးလေ ပဋိဉာဉ်ကို...
Photo: KNU
April 10, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ တပ်မဟာ(၇)၊ ဖားအံခရိုင်အတွင်းရှိ အကျဥ်းထောင်မှ...
April 9, 2026
စစ်ခေါင်းဆောင်မင်းအောင်လှိုင် အစိုးရအသစ်အနေဖြင့်တက်လာအပြီး ကရင်ပြည်နယ်၊ ဖားအံမြို့နယ်...