စစ်တွေဒေသခံ ၇၀ ဦးထက်မနည်းကို ဧည့်စာရင်းစစ်ဆေးစဉ် ဖမ်းဆီးသွား

စစ်တွေဒေသခံ ၇၀ ဦးထက်မနည်းကို ဧည့်စာရင်းစစ်ဆေးစဉ် ဖမ်းဆီးသွား

ရခိုင်ပြည်၊ စစ်တွေမြို့မှ ဒေသခံ ၇၀ ဦးထက်မနည်းကို စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြချက်ဖြင့် ဩဂုတ် ၄ ရက် ညအချိန်တွင် ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ကသဲ၊ ဓညဝတီ(ခ)၊ မင်းဂံ အကွက် (၆)၊ (၇)၊ (၈) ရပ်ကွက်များသို့ စစ်ကားသုံးစီးဖြင့်ဝင်ရောက်ကာ ဧည့်စာရင်းနှင့် အိမ်ထောင်စုစာရင်းများကို စစ်ဆေးပြီးနောက် ဒေသခံ ၇၀ ဦးထက်မနည်းကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

“ရပ်ကွက်က လူကြီးတွေလည်း တစ်ယောက်မှ မပါဘူး။ ဒီအတိုင်း ကားနဲ့ပတ်ပြီးတော့ ဧည့်စာရင်း၊ အိမ်ထောင်စု စာရင်းတွေ စစ်ဆေးတယ်။ ပြီးရင် တစ်ခါတည်း ဒေသခံတွေကို ဖမ်းသွားတာပါ။ ဘာကြောင့် ဖမ်းဆီးသွားမှန်းလည်း မသိရဘူး” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများထဲ ကလေးငယ်များ၊ သက်ကြီးပိုင်းနှင့် အမျိုးသမီးများလည်း ပါဝင်ပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရသေးပေ။

ဩဂုတ် ၃ ရက်ကလည်း စက်ရုံစု၊ ဓညဝတီနှင့် ကုန်တန်းရပ်ကွက်တို့တွင် စစ်ကောင်စီက တစ်အိမ်ဝင်တစ်အိမ်ထွက် ဧည့်စာရင်းစစ်ဆေးခဲ့ပြီး ‌ဒေသခံတချို့လည်း ဖမ်းဆီးခံရမှုရှိကြောင်း သိရသည်။

စစ်ကောင်စီက စစ်တွေဒေသခံများကို မတရားဖမ်းဆီးကာ ငွေညှစ်တောင်းခံမှုများ လုပ်ဆောင်လျက်ရှိနေသည်။

ဇူလိုင်လအတွင်းက ကုန်တန်း၊ စက်ရုံစု၊ မြို့သူကြီးနှင့် ထန်းပင်ရင်းရပ်ကွက်တို့မှ ဒေသခံ ၁၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး တစ်ဦးကို ငွေကျပ် သိန်း ၃၀ မှ သိန်း ၅၀ အထိ ငွေညှစ်တောင်းခံခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ယင်းအပြင် ဇွန်လကလည်း မင်းဂံရပ်ကွက်မှ ဒေသခံ ၂၀၀ ခန့်ကို ဖမ်းဆီးခဲ့ပြီးနောက် ၁၅၀ ဦးခန့်ကို လူတစ်ဦးလျှင် ငွေကျပ် ၇ သိန်းဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။

လူမှုရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက “စစ်တွေမှာ စစ်ကောင်စီက လုပ်ချင်သလို လုပ်လို့ရနေတယ်။ နောက်ထပ်လည်း ဒီထက်ဆိုးလာဦးမှာ။ မြို့တွင်းမှာကျန်နေတဲ့ ဒေသခံအများစုက အခြေခံလက်လုပ်လက်စားတွေ ဖြစ်တယ်။ စစ်ကောင်စီက အခုလိုလုပ်နေတဲ့အတွက် ဒုက္ခမျိုးစုံကို ခံနေကြရတယ်” ဟု ပြောသည်။

စစ်တွေဒေသခံအများစုမှာ ဘေးလွတ်ရာနေရာအသီးအသီးတွင် ထွက်ပြေးတိမ်းရှောင်နေကြပြီး ကျန်ဒေသခံများမှာ ငွေကြေးအခက်အခဲနှင့် စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့မှုတို့ကြောင့် ယခုအချိန်ထိ ပိတ်မိနေကြဆဲဖြစ်သည်။

မြို့တွင်းနေထိုင်သူ အမျိုးသမီးတစ်ဦးက “မတတ်သာလို့သာ နေနေရတာ။ နောက်ကျောမလုံဘူး။ ဘယ်အချိန်လာဖမ်းမလဲ စိတ်ပူနေရတယ်။ မိသားစုဝမ်းရေးဖြေရှင်းဖို့ ပိုက်ဆံမရှိလို့ တွေးပူရ၊ သူတို့လာဖမ်းမှာကို တွေးပူရ၊ အဲဒီလို ပူပင်သောကတွေနဲ့ နေနေရတယ်” ဟု ပြောသည်။

DMG က ပြုစုထားသောစာရင်းအရ စစ်တွေမြို့နယ်တွင် မေလ ၁ ရက်မှ ဇွန်လ ၃၀ ရက်အထိ နှစ်လတာအတွင်း စစ်ကောင်စီက ဒေသခံ ၇၀၀ ထက်မနည်းကို ဖမ်းဆီးခဲ့ပြီး ယင်းထဲမှ ၃၀၀ ခန့်မှာ ပြန်လည်လွတ်မြောက်လာခဲ့ သော်လည်း ကျန် ၄၀၀ ခန့်မှာ ဆက်လက်ဖမ်းဆီးခံထားရသည်။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...