ကျောက်တော်မြို့နယ်တွင် လယ်ဧက ထောင်နှင့်ချီ ရေနစ်မြုပ်နေ

ကျောက်တော်မြို့နယ်တွင် လယ်ဧက ထောင်နှင့်ချီ ရေနစ်မြုပ်နေ

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဒီရေမြင့်တက်လာမှုကြောင့် ယိုးချောင်းဒေသရှိ ကန်စောက်၊ ပန်းဖဲချောင်း၊ ချောင်းတူ စသည့်ကျေးရွာများတွင် လယ်ဧကထောင်နှင့်ချီ ရေနစ်မြုပ်နေကြောင်း ဒေသခံများက ပြောသည်။

ယိုးချောင်းဒေသရှိ ကျေးရွာများတွင် ပြီးခဲ့သည့် ဇူလိုင်လ တတိယသီတင်းပတ်ကပင် ရေနစ်မြုပ်မှုဖြစ်ပွားနေပြီး ဩဂုတ် ၁ ရက်နေ့အထိ ရေနစ်မြုပ်နေဆဲဖြစ်ကြောင်း ပန်းဖဲချောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

“လယ်ကွင်းတွေ ရေနစ်မြုပ်နေတာ တစ်ပတ်ကျော်ရှိနေပြီ။ မိုးက အရမ်းသည်းနေတော့ ရေက လုံးဝ မကျဘူး။ ဒီနေ့မနက်ပိုင်းမှာဆိုရင် ရွာထဲအထိ ရေတွေ ရောက်နေပြီ” ဟု ပြောသည်။

လက်ရှိရေနစ်မြုပ်နေသည့် ပန်းဖဲချောင်း၊ ကန်စောက်၊ ချောင်းတူ စသည့်ကျေးရွာတို့တွင် လယ်ဧက ၁ ထောင်နှင့် အထက်ရှိသည်ဟု ဒေသခံလယ်သမားများက ပြောဆိုကြသည်။

ယင်းအပြင် မိုးသည်ထန်စွာရွာသွန်းမှုကြောင့် ကျောက်တော် - မြောက်ဦးလမ်းပိုင်းရှိ လယ်ဧကများမှာလည်း ရေနစ်မြုပ်မှုဖြစ်ပေါ်နေကြောင်း သိရသည်။

“ဒီနေ့ မြောက်ဦးကနေ ကျောက်တော်သို့လာတာ။ မဟာမုနိဘုရားနား အရောက်မှာတော့ ကားလမ်းဘေးက ရွာတွေမှာ ရေကြီးနေတာကို မြင်ခဲ့ရတယ်။ လယ်ကွင်းတွေအားလုံး ရေလွှမ်းနေတယ်” ဟု ကျောက်တော်မြို့ခံ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်လ ရခိုင်ဒေသရေကြီးရေလျှံမှုတွင်လည်း ကျောက်တော်မြို့နယ်တွင် လယ်ဧကအများအပြား ပျက်စီးဆုံးရှုံးခဲ့ရသည်။

လက်ရှိတွင်လည်း ရေနစ်မြုပ်နေမှုကြောင့် လယ်မြေများပျက်စီးမှု ရှိ/မရှိကို မသိရသေးသော်လည်း ပျက်စီးမှုရှိပါက ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရန် မလွယ်ကူတော့ကြောင်း လယ်သမားများက ပြောကြသည်။

“လယ်ကွင်းတွေ အားလုံးက ရေနစ်မြုပ်နေကြတော့ လယ်ကွင်းတွေ ပျက်စီးမှာကို တော်တော်လေး စိုးရိမ်ရတယ်။ ဒီနှစ်က စိုက်ပျိုးစရိတ်တွေ တအားသွင်းပြီးတော့ ဈေးကြီးကြီးနဲ့ ထွန်ယက်စိုက်ပျိုးထားရတာ။ ရေပြန်ကျလို့ စပါးပင်တွေသာ သေသွားရင် ပြန်ပြီးတော့ စိုက်ပျိုးနိုင်ဖို့က မဖြစ်နိုင်တော့ဘူး” ဟု ပန်းဖဲချောင်းကျေးရွာမှ လယ်သမားနောက်တစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် စက်သုံးဆီ ဒီဇယ် တစ်ပေပါကို ငွေကျပ် ၃၀ သိန်း နီးပါးအထိ ပေါက်ဈေးရှိနေပြီး ဓာတ်မြေဩဇာ တစ်အိတ်လျှင် ငွေကျပ် ၃ သိန်းကနေ ငွေကျပ် ၅ သိန်းအထိ ဈေးနှုန်းများမြင့်တက်နေသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ စစ်ကောင်စီသည် ရခိုင်ဒေသသို့ ကုန်သွယ်ရေးလမ်းကြောင်းများကို ဖြတ်တောက် ပိတ်ဆို့ထားသည့်အတွက် ကုန်ပစ္စည်းများအားလုံးမှာ ဈေးနှုန်းအဆမတန် မြင့်တက်နေခြင်း ဖြစ်သည်။   

လယ်ယာသွင်းအားစုစရိတ် ကြီးမားမှုကြောင့် ရခိုင်တွင် စိုက်ပျိုးနိုင်သည့် လယ်ဧက ၁၀ သိန်းကျော်ရှိသည့်အနက် ထက်ဝက်ခန့်လျော့ကျသွားနိုင်သည်ဟု တောင်သူလယ်သမားအရေးဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများက ခန့်မှန်းထားကြသည်။

၂၀၂၃ ခုနှစ် စစ်တွေတက္ကသိုလ်မှ အဝေးသင်ကျောင်းသူ/သားများအား တွေ့ရစဉ်။ ဓာတ်ပုံ - စစ်တွေ တက္ကသိုလ်
February 6, 2026
လမ်းပန်းဆက်သွယ်ရေး အဘက်ဘက်က ပိတ်ဆို့ခံထားရသည့် ရခိုင်ပြည်တွင် ရခိုင်လူငယ် အများအပြားသည်...
အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်းရှိ ခရီးသည် ပို့ဆောင်ရေးကားဂိတ်တစ်ခု။ ဓာတ်ပုံ- Htet Aung -Facebook
February 5, 2026
အာရက္ခတပ်တော်ထံ စစ်ရေးအရ ရှုံးနိမ့်မှုများကို ရင်ဆိုင်နေရသော စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီလ...
 ဧရာဝတီတိုင်းတွင် စစ်ရေးလေ့ကျင့်နေသည့် စစ်ကောင်စီတပ်အား ၂၀၁၈ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- CINCDS
February 4, 2026
စစ်ကောင်စီသည် ဧရာဝတီ- ရခိုင် ကမ်းရိုးတန်းလမ်းကနေ အာရက္ခတပ်တော်ထိန်းချုပ်ရာ ဂွမြို့နယ်သို့...
မြောက်ဦးဆေးရုံဗုံးကြဲမှုအတွင်း သေဆုံးသွားသူမိသားစုဝင်အား တွေ့မြင်ရစဉ်။
February 3, 2026
ရခိုင်တွင် စစ်ကောင်စီကြောင့် အရပ်သားထိခိုက်သေဆုံးမှု ဆက်လက်မြင့်တက်နေပြီး ပြီးခဲ့သည်...