မောင်တောမြို့ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းရုံးဖောက်ထွင်းဖျက်ဆီးခံရ

မောင်တောမြို့ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းရုံးဖောက်ထွင်းဖျက်ဆီးခံရ

ရခိုင်ပြည်၊ မောင်တောမြို့ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း(MRCS)ရုံး ဖောက်ထွင်း ဖျက်ဆီး ခံလိုက်ရကြောင်း သိရသည်။

မောင်တောမြို့၊ မြို့မကညင်တန်း ရပ်ကွက် ဗိုလ်မှူးရွာမှာတည်ရှိသည့် ယင်းရုံးကို ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်၊ ညအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သင်တန်းဆင်း မွတ်ဆလင်ပူးပေါင်းတပ်ဖွဲ့ အင်အား ၇၀ ခန့်ဖြင့် ရုံးအတွင်းသို့ အတင်း ဝင်ရောက်ဖျက်ဆီးပြီး ဆေးဝါးနှင့် ရုံးပိုင်းဆိုင်ရာပစ္စည်းများကိုယူဆောင်သွားသည်ဟု ကြက်ခြေနီ အသင်းရုံးကို စောင့်ကြပ်နေသည့် မောင်တောဒေသခံ မွတ်ဆလင် အမျိုးသား တစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

“စစ်ကောင်စီနဲ့ပူးပေါင်းအဖွဲ့တွေပဲ ဝင်ရောက်ဖျက်ဆီးသွားတာ။ သူတို့က ဆေးတွေ လိုအပ်လို့လား၊ ဘာကြောင့်လဲတော့ မပြောတတ်ဘူး။ ဆေးတွေရော ရုံးအထဲက ပစ္စည်း တစ်ချို့ကိုလည်း ယူသွားကြတယ်။ အင်အား ၇၀ လောက်က ဝိုင်းဝန်းပြီး ရုံးကို ဖောက်ထွင်းသွားတာ” ဟု ပြောသည်။

အဆိုပါရုံးမှ ဝန်ထမ်းများသည် မြို့အနီးနေရာအနှံ့အပြားနှင့် နခခ(၅)အနီးတွင် တိုက်ပွဲ စဖြစ်သည့် ဇွန်လခန့်မှစ၍ တိုက်ပွဲတိမ်းရှောင်သွားကြကြောင်း သိရသည်။

လက်ရှိမောင်တောမြို့ ဗိုလ်မှူးရွာဟာ စစ်ကောင်စီ ထိန်းချုပ်မှုအောက်တွက် ရှိနေသေးပြီး တိုက်ပွဲများကြောင့် NGO/INGO ရုံးများလည်းပိတ်ထားပြီး ဝန်ထမ်းများမှာလည်း ဘေးလွတ်ရာကို တိမ်းရှောင်သွားကြပြီဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီနှင့်အပေါင်းအပါတို့သည် ဘူးသီးတောင်မြို့မှ NGO/INGO ရုံးများကို ဖောက်ထွင်းဖျက်ဆီးမီးရှို့ခြင်းများပြုလုပ်သကဲ့သို့ မောင်တောမြို့တွင်လည်း ထိုနည်းတူပြုလုပ်လာခြင်းဖြစ်သည်ဟု ဘူးသီးတောင်မြို့မှ စစ်ဘေးရှောင်နေသည့် မြို့ခံအမျိုးသားတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“ဘူးသီးတောင်မှာလုပ်သလို သူတို့က မောင်တောမှာလည်း ဒီလို NGO/INGO ရုံးတွေကို ဖျက်ဆီးနေတာ။ အိမ်တွေလည်း တစ်ခုမှ ကျန်မှာမဟုတ်ဘူး။ သူတို့စိတ်ကြိုက်ပဲ လုပ်နေကြတာ။ ဒါကြောင့် ‌မောင်တောမြို့ကိုလည်း အမြန်သိမ်းစေချင်ပါပြီ” ဟုပြောသည်။

မောင်တောမြို့ရှိ  မြို့သူကြီးတပ်ရင်း နခခ(၅)ကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီဘက်ကလည်း သင်တန်းဆင်း မွတ်ဆလင်တပ်ဖွဲ့များ၊ အာဆာ၊ အာရ်အက်ဆို၊ အေအာရ်အေနှင့် အတူ ပူးပေါင်း ခုခံကာကွယ်နေကာ လေကြောင်း၊ နတ်မြစ်ဝမှ နေဗီတို့ဖြင့် စစ်ကူပေးနေကြောင်း သိရသည်။

လက်ရှိမောင်တောတွင် အိမ်စောင့်အဖြစ်ကျန်ရှိနေသေးသည့်နေအိမ်များမှဒေသခံများမှာလည်း တိုက်ပွဲပြင်းထန်လာမှုကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေ‌ရကြောင်း သိရသည်။

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...