မာန်အောင်တွင် ဆေးဝါး လုံးဝပြတ်လပ်နေ၊ ဒေသခံ ၆ သောင်းခန့် အခက်အခဲဖြစ်

မာန်အောင်တွင် ဆေးဝါး လုံးဝပြတ်လပ်နေ၊ ဒေသခံ ၆ သောင်းခန့် အခက်အခဲဖြစ်

ရခိုင်ပြည်တောင်ပိုင်းရှိ သီးခြားဆန်သည့်ကျွန်းတွင် တည်ရှိနေသည့် မာန်အောင်မြို့နယ်တွင် ဆေးဝါးပြတ်လပ်ကာ ဒေသခံများ ဆေးဝါးကုသခွင့်လည်း မရဖြစ်နေကြောင်း သိရသည်။

ပင်လယ်ပြင်သွားလာခွင့်နှင့် ကုန်ပစ္စည်းသယ်ခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားသဖြင့် ဒေသခံများမှာ ဆေးဝါးရရှိရန်ခက်ခဲပြီး လက်ရှိမှာ လုံးဝ ပြတ်လပ်လာသည်ဟု ဒေသခံများက ပြောကြသည်။

“ ဆေးက လုံးဝရှာမရတော့ဘူး။ ခေါင်းကိုက်၊ ချောင်းဆိုးပျောက်ဆေးတောင် ဟိုရွာက သွားရှာ၊ ဒီရွာက သွားရှာ လုပ်နေရတာ။ နာတာရှည်ရောဂါသည်တွေဆိုရင် ဆေးပြတ်နေကြတာ ၂ လလောက်ရှိနေပြီ” ဟု မာန်အောင် ဒေသခံတစ်ဦးက ပြောသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ မာန်အောင်တွင် မြို့ပေါ်ရပ်ကွက် (၅)ခု၊ ကျေးရွာအုပ်စု(၃၆)စု လူဦးရေစုစုပေါင်း ၅၇,၀၀၀ ကျော်ရှိပြီး လက်ရှိတွင် ကျန်းမာရေးဆိုင်ရာ အခက်အခဲကို ဆိုးရွားစွာ ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ယခင်က မာန်အောင်မြို့ရှိ ကုတင် ၅၀ ဆန့် ဆေးရုံကြီး၌ ဆရာဝန်ကြီးတစ်ဦး၊ လက်ထောက်ဆရာဝန်နှစ်ဦးနှင့် သူနာပြုအပါအဝင် ဝန်ထမ်း ၁၀ ဦးခန့်ရှိခဲ့သော်လည်း ရခိုင် စစ်ရေးပဋိပက္ခကြောင့် ဝန်ထမ်းတချို့တိမ်းရှောင်နေ၍ လက်ထောက်ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း ၄ ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။

ဆေးရုံနှင့်နီးစပ်သူတစ်ဦးက “ဆေးရုံမှာ ဆေးဝါးလည်းမရှိတော့ဘူး။ ဆရာဝန်ကြီးလည်းမရှိဘူး။ ဆေးရုံကို လာပြလို့ရပေမယ့် ဆေးကတော့မရှိဘူး။ ဒေသခံတွေအတွက် တကယ်ခက်ခဲပါတယ်” ဟု ပြောသည်။

မာန်အောင်ဒေသခံများမှာ ယခင်က အရေးပေါ်လူနာများကို သံတွဲနှင့် တောင်ကုတ်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း လက်ရှိမှာ ရေလမ်းကြောင်းသွားလာခွင့် ပိတ်ဆို့ခံထားရမှုကြောင့် ဒုက္ခရောက်နေကြသည်။

ထိုအခက်အခဲများကြောင့် နာတာရှည်ရောဂါ ခံစားနေရသူများနှင့် အရေးပေါ်ဆေးကုသခွင့် မရသူတချို့မှာ အသက်သေဆုံးသည်အထိ ရှိလာကြောင်း သိရသည်။

“ဟိုကိုလည်းသွားမရ၊ ဒီမှာလည်း မကုနိုင်တော့ အချိန်မတော်ဘဲ သေဆုံးကြတယ်။ အရင်လကလည်း မြို့ပေါ်က သက်ကြီးပိုင်း အမျိုးသမီးတစ်ဦး ဆီးချိုတက်လို့ သေသွားတယ်။ ကျေးလက်ဖက်မှာလည်း ဆေးမကုနိုင်လို့ သေဆုံးတာတွေ အများကြီး ရှိနိုင်တယ်” ဟု မာန်အောင်မြို့ခံတစ်ဦးက ပြောသည်။

ရခိုင်တိုက်ပွဲဖြစ်ပွားချိန်မှစတင်ကာ စစ်ကောင်စီက ရေလမ်းသွားလာခွင့် ပိတ်ဆို့ထားသဖြင့် မာန်အောင်ကျွန်းရှိ ဒေသခံများမှာ စားဝတ်နေရေး၊ ကျန်းမာရေး စသည့် ပေါကဏ္ဍပေါင်းစုံတွင် အကျပ်အတည်းနှင့် ကြုံတွေ့နေရသည်။

မာန်အောင်မြို့နယ်တွင် စစ်ကောင်စီတပ်ရင်း၊တပ်မများ မရှိသော်လည်း မြို့တွင်းနေရာများတွင် စစ်ကောင်စီက အခိုင်အမာနေရာယူထားပြီး မြို့အနီးအနားရှိ ကျေးရွာပေါင်း ၂၀ ကျော်မှာလည်း စစ်ကြောင်းထိုး နေထိုင်မှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...