ကွင်းဝိုင်းရေတပ်ထဲကို ရှော့တိုက်ဒုံး ၂ လုံးကျ၍ စစ်သားနှစ်ဦးသေဆုံးပြီးနောက် စစ်ကောင်စီက ရေတပ်အနီးရှိ ကျွဲသောက်ရွာကို ဗုံးကြဲတိုက်ခိုက်

ကွင်းဝိုင်းရေတပ်ထဲကို ရှော့တိုက်ဒုံး ၂ လုံးကျ၍ စစ်သားနှစ်ဦးသေဆုံးပြီးနောက် စစ်ကောင်စီက ရေတပ်အနီးရှိ ကျွဲသောက်ရွာကို ဗုံးကြဲတိုက်ခိုက်

ရခိုင်ပြည်၊ သံတွဲမြို့နယ်မှ နောက်ဆုံး လက်ကျန်စစ်စခန်း တစ်ခုဖြစ်သည့် ကွင်းဝိုင်းရေတပ်စခန်းထဲကို အာရက္ခတပ်တော် (AA) က ပစ်ခတ်လိုက်သည့် ရှော့တိုက်ဒုံး ၂ လုံး ကျရောက်ပေါက်ကွဲပြီး စစ်သား ၂ ဦး သေဆုံးပြီးနောက် ရေတပ်အနီးရှိ ကျွဲသောက်ကျေးရွာကို မနေ့က ဇူလိုင် ၂၁ ရက်နေ့တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ရေတပ်နှင့် နီးစပ်သူ တစ်ဦးက “ ရေတပ်ထဲကို ဇူလိုင် ၂၀ ရက်နေ့က ရှော့တိုက်ဒုံးနဲ့ ပစ်တယ်။   ၂ လုံးက  ထမင်း စားဆောင်နဲ့ လူပျိုဆောင်ကို ကျရောက်ပေါက်ကွဲတာ။ စစ်သား ၂ယောက်သေတယ်။ ရဲဘော်တွေပဲ။ နောက် ဗိုလ်မှူး ပီအေတစ်ယောက် လက်ထိတယ်လို့ သိရပါတယ်။ ရေကြောင်းကပဲ ဒဏ်ရာရသူတွေကို ရန်ကုန်ကို ယူသွားပါပြီ။ ရှော့တိုက်ဒုံးလို့ သိရတယ်။ အေအေကပစ်တာ။ နောက် ဒရုန်းတွေနဲ့ ပစ်တာတွေလည်း ကျသေးတယ်ပြောတယ်။ အခုက အေအေက ရေတပ်နားကိုထိ ထိုးစစ်ဆင်လာတာ နီးလာပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကွင်းဝိုင်းရေတပ်အတွင်းသို့ ဇူလိုင်လ ၂၀ ရက်နေ့က ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရပြီးနောက် ဇူလိုင် ၂၁ ရက်နေ့တွင်  စစ်ကောင်စီက လေယာဉ်ဖြင့် ရေတပ်အနီးရှိ ကျွဲသောက်ရွာကို ဗုံးလာကြဲခြင်းဖြစ်သည်။

“ ကျွဲသောက်က ရေလမ်းခရီးကသွားရင် ကွင်းဝိုင်းရေတပ်နဲ့ပိုနီးတယ်။မနေ့က စစ်တပ်က အကြီးအကျယ် ဗုံးကြဲတယ်။ ရေကြောင်းကလည်း နေဗီတွေက လက်နက်ကြီးတွေနဲ့ပစ်တာ အကြီးအကျယ်ပဲ၊။ ကျွဲသောက်ဖက်ကို ကုန်းလမ်းကလည်း စစ်သားတွေ တက်သွားတာတွေ့တယ်။ ကုန်းလမ်းကတော့ ကျွဲသောက်က ဆင်ဒင်လေးနဲ့နီးတယ်။ ကျွဲသောက်မှာက တချို့က အစကတည်းက စစ်ရှောင်နေတာရှိတယ်။ တချို့က ပိတ်မိနေတယ်။ မနေ့က ညပိုင်းအထိ အကြီးအကျယ် ဗုံးကြဲနေခဲ့တယ်။ ရွာသားတွေ အထိအခိုက် ရှိ မရှိ ဖုန်းလိုင်းတွေ ပြတ်နေလို့ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးမှပြောသည်။

ကျွဲသောက်ကျေးရွာသည် ကွင်းဝိုင်းရေတပ်နှင့် ရေလမ်းမှ ၂၀ မိနစ်ခန့်သွားခန့်သွားလာပါက ရောက်ရှိနိုင်ပြီး ဒေသခံတစ်ဦးက ပြောဆိုသည်။

သံတွဲမြို့ တောင်ဖက်ပိုင်း ဇလွန်-သပြုချိုင်လမ်းပိုင်းရှိ  ဆင်ဒင်လေး ကျေးရွာနှင့် ကျီးကန်းရဲ လမ်းဆုံတို့တွင်လည်း ဇူလိုင်လ ၂၁ ရက်နေ့တွင် ပစ်ခတ်မှုတစ်ချို့ရှိခဲ့ပြီး ကျွဲသောက်ကျေးရွာနှင့် နီးသည့် ဆင်ဒင်ကလေး၊ သာယာကုန်း၊အုံးပင်ဝ ကျေးရွာ၊ ဆင်ဒင်ကြီး ကျေးရွာတို့တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်စစ်ရေး တင်းမာနေကြောင်းသိရသည်။

နိရဉ္စရာ၏ သတင်းရင်းမြစ်တစ်ဦးက “ ကွင်းဝိုင်းရေတပ်စခန်းကို သံတွဲ- ဇလွန်ရွာ လမ်းခွဲကနေ သွားရပါတယ်။ လမ်းတစ်လျှောက်မှာ ဆင်ဒင်ကြီး၊ ဆင်ဒင်လေး၊ သစ်ကောက်၊ ကွင်းဝိုင်း၊ မောင်ရွှေလေး၊သပြုချိုင်ဆိုတဲ့ ရွာတွေ ရှိပါတယ်။ ရေတပ်က ကွင်းဝိုင်းမှာ ရှိပါတယ်။ အရင် နှစ်ရက်လောက်က ကွင်းဝိုင်းရေတပ်ကို သွားရာလမ်းတစ်လျှောက် တံတားတွေကို စကစက ချိုးဖျက်ပစ်ပါတယ်။ အခု မနက်က သတင်းက ဆင်ဒင်ကြီး၊ ဆင်ဒင်လေး၊ ကျီးကန်းရဲရွာနားမှာ တိုက်ပွဲဖြစ်နေတယ်။ လေယာဉ်နဲ့ ဗုံးကြဲနေတယ်လို့ သတင်းရပါတယ်” ဟု ပြောကြားသည်။

ရခိုပြည် သံတွဲမြို့နယ်တွင် နောက်ဆုံးလက်ကျန် အခြေစိုက်စခန်း ကွင်းဝိုင်းရေတပ်ကို ခံစစ်အတွက် စစ်ကောင်စီက ပြင်ဆင်မှုများ ပြုလုပ်နေပြီး ရေတပ်အဝင် ကားလမ်းပေါ်ရှိ တံတားများကိုလည်း စစ်ကောင်စီက ဖျက်ဆီးပစ်လိုက်ပြီဖြစ်သည်။

ရေတပ်ရှေ့လမ်းအားပြည်သူများ ဖြတ်သန်းသွားလာကို ခွင့်မပြုတော့သဖြင့် မောင်ရွှေလေးနှင့် ကျောက္ကလပ် ကျေးရွာများမှ ဒေသခံများမှာလည်း ရွာထဲတွင် ပိတ်မိနေကြောင်း သတင်းရရှိသည်။

လက်ရှိ ဇလွန်-သပြုချိုင်းလမ်းတစ်လျှောက်ရှိ တံတားများအား အေအေ တပ်ဖွဲ့များ မဝင်ရောက်နိုင်အောင် စစ်ကောင်စီမှ ချိုးဖျက်ကာ ပိတ်ဆို့ထားသော်လည်း အာရက္ခစစ်သည်တော်များမှာ ကွင်းဝိုင်းရေတပ်အနီးသို့ ရောက်ရှိသွားပြီဖြစ်သဖြင် မည်ကဲ့သို့ ဝင်ရောက်သွားသည်ကို မသိရှိရကြောင်း ဒေသခံများက ပြောသည်

ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...
ဓါတ်ပုံ - ULA/AA
September 2, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သဖန်ရောင်ဒေသတို့ကို ဆက်သွယ်...
ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...