AA ထိန်းချုပ်လိုက်တဲ့ သံတွဲမြို့အခြေအနေ ဘယ်လိုရှိနေလဲ

AA ထိန်းချုပ်လိုက်တဲ့ သံတွဲမြို့အခြေအနေ ဘယ်လိုရှိနေလဲ

ရခိုင်ပြည်၊ သံတွဲမြို့ကို အာရက္ခတပ်တော်(AA)က ဇူလိုင်လ ၁၆ ရက်တွင် သိမ်းပိုက်ထိန်းချုပ်ပြီးနောက် မြို့အဝင်/အထွက်ကို ပိတ်ထားလိုက်ပြီး၊ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများကို ရှင်းလင်းနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

“သံတွဲမြို့ကို AA က ထိန်းချုပ်ထားပြီလို့ သိရတယ်။ လက်ရှိမှာတော့ မြို့အဝင်တွေကို ပိတ်ထားတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သံတွဲမြို့အတွင်းရှိ စစ်ကောင်စီတပ်သားများမှာ မောင်ရွှေလေးရေတပ်ဘက်သို့ တပ်ဆုတ်ထွက်ပြေးသွားပြီး၊ မြို့တွင်းပိတ်မိနေသည့် ဒေသခံ ၄၀၀ ခန့်ကို AA က လုံခြုံရာသို့ ရွှေ့ပြောင်းပေးထားကြောင်း သိရသည်။

သံတွဲမြို့ခံတစ်ဦးက “မြို့တွင်းမှာ ပိတ်မိနေသူတွေကို AA က ဘေးလွတ်ရာတွေကို ကယ်ထုတ်ထားတယ်။ စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းနဲ့ ပစ်ခတ်မှာကိုစိုးရိမ်လို့ ဘေးလွတ်ရာကို ရွှေ့ပြောင်းထားတာဖြစ်တယ်” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ AA ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပေ။ AA ပြောခွင့်ရ ဦးခိုင်သုခကိုလည်း DMG က ဆက်သွယ်မေးမြန်းနေသည်။

လက်ရှိတွင် သံတွဲမြို့နယ်အတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီ၏ လက်ကျန်တပ်သားများနှင့် AA တို့ကြား တိုက်ပွဲဖြစ်ပွားနေပြီး ငပလီမြို့အနီးတစ်ဝိုက်ကို လေကြောင်း၊ ရေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေသည်။

သံတွဲမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကြီး (၃) ခုအနက် ကြည်းတပ် ခမရ(၅၆၆)နှင့် ခလရ (၅၅) တပ်ရင်းတို့ကို AA က သိမ်းပိုက်ထား၍ မောင်ရွှေလေးရေတပ်စခန်း တစ်ခုသာ ကျန်ရှိတော့သည်။

AA အနေဖြင့် သံတွဲမြို့ကိုသိမ်းပိုက်နိုင်လျှင် စီးပွားရေး၊ နိုင်ငံရေး အကျိုးအမြတ်များစွာ ရှိလာနိုင်ပြီး စစ်ကောင်စီနှင့် အပေါင်းအပါများအတွက် ကျဆုံးမှုများစွာရှိကြောင်း စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဖေသန်းက DMG ကို ဖြေဆိုထားသည်။

“သံတွဲမှာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ မိသားစုတွေ၊ ခရိုနီတွေရဲ့ စီးပွားရေးဖြစ်တဲ့ ဟိုတယ်ဇုန်တွေ၊ ဟိုတယ်လုပ်ငန်းတွေ အများကြီးရှိတယ်။ ငပလီဆိုတာလည်း ကမ္ဘာလည့်ခရီးသည်တွေရောက်တဲ့ နေရာဖြစ်တယ်။ အဲဒါကို ULA/ AA က ထိန်းချုပ်လိုက်နိုင်တယ်ဆိုရင်တော့ နိုင်ငံရေးအားဖြင့် ဂုဏ်သိက္ခာရှိလာမှာဖြစ်ပြီး စစ်ကောင်စီအတွက်တော့ ဂုဏ်သိက္ခာတွေ အများကြီးကျဆင်းသွားမှာ” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားမှု (၈) လကျော်ကြာပြီးနောက် ရခိုင်မြောက်ပိုင်းက မောင်တောနှင့် စစ်တွေမှလွဲ၍ မြို့နယ်အားလုံးကို ထိန်းချုပ်ထားသော AA သည် တောင်ပိုင်းမြို့နယ်များကို သိမ်းပိုက်နိုင်ရေး ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေသည်။

April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...