ဇာဒီကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်ဖွဲ့များ နေအိမ်ရာချီဖောက်ထွင်း ဖျက်ဆီးထား

ဇာဒီကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်ဖွဲ့များ နေအိမ်ရာချီဖောက်ထွင်း ဖျက်ဆီးထား

တနင်္သာရီတိုင်း၊ ကံပေါက်ဒေသ၊ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စုတွင်တစ်ပတ်ကျော်ကြာတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ နေအိမ်ရာချီ ဖောက်ထွင်းဖျက်ဆီးထားသည်ဟု ဒေသခံတို့ကဆိုသည်။

ဇူလိုင်လ ၁ ရက်နေ့တွင် စစ်ကောင်စီစစ်ကြောင်းမှ အင်အားအလုံးအရင်းဖြင့် ရေနက်ဆိပ်ကမ်းနှင့် နဘုလယ်ဒေသဘက်သို့ ထိုးစစ်ဆင်လာသည့်အပြင်မောရဝတီရေတပ်စခန်းဌာနချုပ်နှင့် ဖောင်တောတွင် အထိုင်ချထားသည့်စစ်ကောင်စီအဖွဲ့တို့မှလည်း လက်နက်ကြီးဖြင့်ဆက်တိုက်ပစ်ခတ်ခဲ့သဖြင့် ဇာဒီကျေးရွာအုပ်စုမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

အဆိုပါ ဇာဒီကျေးရွာတွင် ၁၀ ရက်ကျော်ကြာတပ်စွဲထားပြီး ရွာအတွင်းရှိ အိမ်ကြီး အိမ်ငယ်အားလုံးကို ဖောက်ထွင်းကာ ကုန်တင်ကားဖြင့်ယူဆောင်သွားသည့်အပြင် ဆိုင်ကယ်များကိုလည်း ဆီကုန်ခမ်းသည်အထိ မောင်းနှင်ကာ ကြုံရာနေရာများတွင်ပစ်ထားခဲ့သည်ဟု ဇာဒီဒေသခံအမျိုးသားတစ်ဦက ပြောသည်။

“ရွာကအိမ်တွေအားလုံးနီးပါးပေါ့ဖောက်လိုက်တာ ကားနဲ့သယ်သွားကြတာလည်းရှိတယ်။ ရွာမှာကျန်နေတဲ့ ဆိုင်ကယ်ဆိုလည်းယူစီးတယ်၊ ဆီကုန်သွားရင်ရောက်တဲ့နေရာမှာပစ်ထား ၊ ဟိုဘက်ရွာဆိုင်ကယ်က ဒီဘက် ရောက်လိုက်နဲ့ပဲ။ ရွာမှာကျန်နေတဲ့ဆိုင်ကယ်က ထောင်နဲ့ရှိနေတော့ ယူသွားတာကယူပေါ့၊ ဗီဒိုထဲက ပစ္စည်းတွေ၊စားသောက်ကုန်တွေ ယူသွားတာများတယ် ကြိုက်သလိုပေါ့၊ တစ်ရွာလုံးကို ဖျက်စီးလိုက်တာပါပဲ ” ဟု ၎င်းကပြောသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ နေအိမ်တစ်ဆောင်ကို (ဘက်ဟိုး) ကားဖြင့်ထပ်မံဖျက်ဆီးခဲ့ကာ  ဇာဒီ- ခေါင်ပြန်- ဒိုက်တကော်ကျေးရွာချင်းဆက်လမ်းကိုလည်းဖျက်စီးလိုက်ကြောင်း ဇာဒီရွာခံအမျိုးသားတစ်ဦးကပြောသည်။

ဇာဒီကျေးရွာမှ စစ်ကောင်စီတပ်သားတို့ နဘုလယ်ဘက် ပြန်လည်ထွက်သွားသည့်နောက် တိမ်းရှောင်နေသည့် ဒေသခံတစ်ချို့ နေအိမ်အတွင်း ကျန်ရှိနေသည့်ပစ္စည်းများကို ဝင်ရောက်ယူဆောင်နေကြောင်းလည်း ဒေသခံတစ်ဦးက ဆိုသည်။

“ နေအိမ်ကအကာတွေဘာတွေမရှိတော့ဘူး၊ ဖြိုလိုက်တယ်၊ သူတို့ဇာဒီကနေ ခေါင်ပြန်၊ ဒိုက်တကောသွားတဲ့လမ်းကို ထပ်ဖြိုလိုက်တယ်၊ ရွာဝင်တဲ့သူတွေကို သူတို့ရှိတုန်းက စစ်တယ်။ အထောက်ထားနဲ့ပြခိုင်းတယ်။ သူတို့မရှိတော့မှ  ရွာထဲကို လိုအပ်တဲ့ပစ္စည်းတွေ ဝင်ယူတယ်။ ရွာမှာနွားတွေ ကျန်နေလို့ စိတ်ပူတော့ ဝင်ကြည့်တယ် ” ဟု ၎င်းကပြောသည်။

လက်ရှိ အင်အားတိုးချဲထားဆဲဖြစ်သည့် စစ်ကောင်စီအဖွဲ့တို့သည် မောရဝတီရေတပ်ဌာနချုပ်နှင့် ဖောင်းတော၊မော်ကြီးဂိတ်တို့တွင် အထိုင်ချထားဆဲဖြစ်ပြီး ဖြတ်သန်းသွားလာသည့် ဒေသခံတို့ကို စစ်ဆေးမေးမြန်းမှုလုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းလောက်မှစပြီး ဇာဒီကျေးရွာနှင့်နီးသည့် ဒိုက်တကော်၊ ခေါင်ပြန်၊ ကျောက်ထရံစသည့်ကျေးရွာများမှ ဒေသခံထောင်နှင့်ချီ အနီးနားကျေးရွာ၊ ဘုန်းကြီးကျောင်း နှင့်ဥယျာဉ်ခြံတို့တွင် နှစ်ပတ်ကျော်ကြာတိမ်းရှောင်ခဲ့ရသည်။

ဇာဒီကျေးရွာအုပ်စုအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် ဇူလိုင် ၁ ရက်နေ့တွင် ဒေသခံရှစ်ဦးကို လူသားဒိုင်အဖြစ်ဖမ်းဆီးပြီး ၄ ဦးကို သတ်ဖြတ်ခဲ့ကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

ဓာတ်ပုံ - Crd
August 27, 2026
စစ်အုပ်စုတပ်သည် ရေးဘီလူးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာကို အဓိက ပစ်မှတ်ထား စောင့်ကြည့်ပြီး လွတ်...
August 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ ကျေးရွာများမှ စစ်အုပ်စုတပ်...
August 25, 2026
မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှ...
ဓာတ်ပုံ - Crd (မြဝတီမြို့ခံတစ်ဦး၏ လူမှုကွန်ရက်) ဩဂုတ်လ ၂၄ ရက်နေ့ မြဝတီမြို့ပေါ် ရေလွှမ်းမိုးနေသည့် အခြေအနေ။
August 24, 2026
သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ပြန်လည်ကျော်လွန်လာသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း...