အမြင့်ကျွန်းကျေးရွာသား ၄၆ ဦးထဲမှ ၈ ဦးကို စစ်ကောင်စီ ဖမ်းဆီးထားဆဲ

အမြင့်ကျွန်းကျေးရွာသား ၄၆ ဦးထဲမှ ၈ ဦးကို စစ်ကောင်စီ ဖမ်းဆီးထားဆဲ

ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာမှ ဖမ်းဆီးခံရသည့် ကျေးရွာသား ၄၆ ဦးထဲမှ ၃၈ ဦးမှာ ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်က ပြန်လွတ်လာပြီး ၈ ဦးမှာ ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဇွန်လ ၂၂ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ခန့် အမြင့်ကျွန်းရွာသို့ရောက်ရှိလာပြီး ဒေသခံအမျိုးသားများကို ရွာအလယ်ကွင်းပြင်တွင် မျက်နှာစည်းကာစုထားပြီး အသက် ၁၈ နှစ်မှ ၄၀ ကျော်အရွယ်ရှိ အမျိုးသား ၄၆ ဦးကို ဖမ်းဆီးသွားခဲ့သည်။

ယင်းအထဲမှအများစုကို ပြန်လွှတ်ပေးလိုက်သော်လည်း ၈ ဦးကို လက်ရှိအချိန်ထိ အမြင့်ကျွန်းကျေးရွာအနီးရှိ ပါဒလိတ် COD တပ်ရင်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။

လွတ်မြောက်လာသူတစ်ဦး၏ မိသားစုဝင်က “ခန္ဓာကိုယ်၊ လက်မောင်းတွေမှာ ရခိုင်အလံ၊ Arakan ဆိုပြီးတော့ တက်တူးထိုးထားသူတွေကို ပြန်မလွတ်သေးဘူး။ မိသားစုတွေမှာလည်း အခုအချိန်ထိ အဆက်အသွယ်မရတော့ စိုးရိမ်မှုတွေရှိနေကြပါတယ်” ဟု ပြောသည်။

အမြင့်ကျွန်းရွာသားများကိုလည်း ဇွန်လ ၂၆ ရက်ကို နောက်ဆုံးထားပြီး ရွာမှပြောင်းရွှေ့ရမည်ဟု စစ်ကောင်စီက အမိန့်ထုတ်ထား၍ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စသည့်နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

AA ထိန်းချုပ်နယ်မြေသို့ ထွက်ပြေးလာသူတစ်ဦးက “အခု ရွာမှာ လူတစ်ယောက်မှ မရှိတော့ဘူး။ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အိမ်တွေကိုဖောက်ပြီးတော့ ပစ္စည်းတွေ ယူဆောင်နေကြတယ်လို့ သိရတယ်။ ရွာထဲကို ဝင်တဲ့သူတွေကိုလည်း ဖမ်းဆီးတာတွေရှိတယ်လို့ သိရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လအတွင်း စစ်ကောင်စီသည် စစ်တွေမြို့နယ်ရှိ ၁၄ ရွာထက်မနည်းကို ဒေသခံများသဘောဆန္ဒမပါဘဲ စစ်တွေမြို့သို့ အတင်းအဓမ္မရွှေ့ပြောင်းခိုင်းပြီး ထိုကျေးရွာများတွင် စခန်းချတပ်စွဲနေထိုင်လျက်ရှိသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်ကလည်း စစ်တွေမြို့ မင်းဂံရပ်ကွက်မှ ကလေးငယ်များအပါဝင် ဒေသခံစုစုပေါင်း ၂၀၀ ကျော်ကို စစ်ကောင်စီကဖမ်းဆီးခဲ့ပြီး အများစုကို ငွေညှစ်ကာပြန်လွှတ်ပေးခဲ့ပြီး ၄၀ ဦးထက်မနည်းကို ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ထားသည်။

ယင်းအပြင် မေလ ၂၉ ရက်ကလည်း စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူရွာမှ ဒေသခံ ၃၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ၇၆ ဦးကို သတ်ဖြတ်၊ အလောင်းဖျောက်ခဲ့ကာ တစ်ချို့ကိုလည်း တရားစွဲထားသည်။

ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...