သံတွဲတွင် လေကြောင်းပစ်ခတ်မှုကြောင့် ကလေးငယ်အပါအဝင် အမျိုးသမီး ၅ ဦးဒဏ်ရာရ

သံတွဲတွင် လေကြောင်းပစ်ခတ်မှုကြောင့် ကလေးငယ်အပါအဝင် အမျိုးသမီး ၅ ဦးဒဏ်ရာရ

တိုက်ပွဲပြင်းထန်နေသည့် သံတွဲမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံအမျိုးသမီး ၅ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဇွန် ၂ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မြုံပြင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ မယုယမြင့်မွန် (၁၄)နှစ်၊ မကြည်ဖြူခင် (၁၈)နှစ်၊ မဝေဝေထွေး (၂၁)နှစ်၊ ဒေါ်မြလေးစိန် (၄၅)နှစ်နှင့် ဒေါ်သိန်းဟန် (၇၆)နှစ်တို့ ဒဏ်ရာရရှိသွားကြသည်။

“တချို့အမျိုးသမီးတွေက ဒဏ်ရာပြင်းထန်တယ်လို့ သိရတယ်။ ဒီရက်ပိုင်း သံတွဲမှာ လေကြောင်းတိုက်ခိုက်မှုတွေ နေ့တိုင်းရှိတယ်” ဟု သံတွဲဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သံတွဲ-တောင်ကုတ် ကားလမ်းဘေးရှိ မြုံပြင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှု တစ်စုံတစ်ရာမရှိဘဲ စစ်ကောင်စီက လေကြောင်းဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

ဇွန် ၂၉ ရက်ကလည်း သံတွဲမြို့နယ်၊ ရွှေကျောင်းပြင်ရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့သည်။

စစ်ကောင်စီသည် တိုက်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားနေထိုင်ရာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေ၍ ရခိုင်ဒေသခံများမှာ စိုးရိမ်ကြောက်လန့်စိတ်များဖြင့် နေထိုင်နေကြရသည်။

“စစ်ပွဲဒေသကပြည်သူတွေမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကို ဆိုးဆိုးရွားရွား ခံစားနေကြရတယ်” ဟု လူမှုရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားများကို မထိခိုက်စေရန်၊ ဘာသာရေးအဆောက်အအုံများ၊ ရပ်ရွာများကို အကာကွယ်ပေးရန်၊ စစ်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားများကို ဘေးကင်းလုံခြုံခွင့်ပေးရန် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေတွင် ပြဌာန်းထားသည်။

သံတွဲမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှု နှစ်လကျော်ကြာမြင့်လာပြီး စစ်ကောင်စီ၏ လေကြောင်း၊လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးသူဦးရေ ၁၂၀ ကျော် အထိရှိလာသည်။

လက်ရှိတွင် ငပလီအခြေစိုက် ခလရ (၅၅) တပ်ရင်းကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် ခုခံနေ၍ တိုက်ပွဲပြင်းထန်နေသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...