ကန်ပိုင်တည်မှာ ကုန်တင်ကားနဲ့ အိမ်စီးကား ၅၀၀ ဝန်းကျင်သောင်တင်နေဆဲ

ကန်ပိုင်တည်မှာ ကုန်တင်ကားနဲ့ အိမ်စီးကား ၅၀၀ ဝန်းကျင်သောင်တင်နေဆဲ

ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ခရီးသည်ကားနဲ့ ကုန်တင်ကားအစီးရေ ၅၀၀ ဝန်းကျင်လောက်က  တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကန်ပိုင်တည်မြို့မှာ သောင်တင်နေတာ ၄ ရက်လောက်ရှိလာပြီလို့ သိရပါတယ်။

KIA ပူးပေါင်းတပ်တွေက ဝိုင်းမော်ဘက်ခြမ်း ဂေါ်ဆက်ယန် ၁၃ မိုင်စုပေါင်းဂိတ်နေရာနဲ့ ကန်ပိုင်တည်မြို့မရောက်မှီ ၁၀ မိုင်လောက်အကွာရှိတဲ့ ဝေါ့ခရုန်း(Waw Hkyung) စတဲ့နေရာတွေမှာ လုံးခြုံရေးအရသွားလာခွင့်ပိတ်ထားတာကြောင့် ကုန်တင်ကားတွေ သောင်တင်နေတာဖြစ်တယ်လို့ ကန်ပိုင်တည်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

“ လမ်းခရီးမှာတိုက်ပွဲတွေဖြစ်နေတော့ လုံခြုံရေးအရ မသွားခိုင်းသေးဘူးလို့ပြောတယ်။ အခုပိတ်ထားတဲ့ နေရာတွေက ၁၃ မိုင်မှာပိတ်ထားတယ်။ ကာတွေ မသွားနိုင်ဘဲ သောင်တင်နေတာ ဒီကနေ့ဆို ၄ ရက်မြောက်ရှိပြီ။ အခုသောင်တင်နေတဲ့ ကားတွေက ကားအစီးရေ ၅၀၀ ဝန်းကျင်လောက်ရှိနိုင်တယ်”လို့ပြောပါတယ်။

လက်ရှိ တိုက်ပွဲကြောင့် ကန်ပိုင်တည်မြို့မှာ သောင်တင်နေတဲ့ ကားအစီးရေ ၅၀၀ ဝန်းကျင်လောက်မှာ ကုန်ပစ္စည်းတင်တဲ့ကား ၃၀၀ ဝန်ကျင်လောက်နဲ့ အိမ်စီးကား ၂၀၀ ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။

အခုလို ကုန်ကားအဝင်မရှိတော့ဘဲ သောင်တင်နေပါက ကုန်စျေးနှုန်းတွေပိုမိုမြင့်တက်လာနိုင်တာတင်မကပဲ ကားသမားတွေလည်း ခက်ခဲလာနိုင်တယ်လို့ ကန်ပိုင်တည်ဒေသခံ အမျိုးသားက ဆက်ပြောပါတယ်။

“ လောလောဆယ် ကားသမားတွေကတော့ ရက်လည်းသိပ်မကြာသေးတော့ ဆက်ပြီးတော့ တောင့်ခံနိုင်အုံးမယ်လို့ထင်တယ်။ ဒါပေမယ့် ဒီထက်ပိုပြီး အချိန်ကြာလာရင်တော့ ခက်ခဲလာမယ်လို့ထင်တယ်။ ပြီးတော့ ကုန်ပစ္စည်းတွေ မဝင်တော့တဲ့အတွက် ပြည်သူတွေက ဒုက္ခတော့ရောက်လာကြလိမ့်မယ်”လို့ပြောပါတယ်။

ကန်ပိုင်တည်မှာ သောင်တင်နေတဲ့ ကုန်ကားတွေကို ဇွန်လ ၁၄ ၊ ၁၅ လောက်မှာ KIA က လမ်းတွေကို ပြန်ဖွင့်ပေးမယ်လို့ သိရပေမယ့် တကယ်ဖွင့်ပေးမှုရှိမရှိက စောင့်ကြည့်ရအုံးမယ်ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

ကန်ပိုင်တည်မြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကနေ ဒေသခံပြည်သူတွေကြား ပြောဆိုနေကြတယ်လို့သိရပြီး လက်ရှိမှာ ပြည်သူတွေက ယာယီတိမ်းရှောင်ဖို့ တရုတ်းနယ်စပ်ဘက်ခြမ်း ယာယီတဲတွေထိုးပြီး ပြင်ဆင်နေကြတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ကန်ပိုင်တည်မြို့တွင်းမှာရှိတဲ့ အစိုးရဌာနရုံးတစ်ချို့လည်း ယာယီပိတ်ထားပြီး စာသင်ကျောင်းတွေလည်း ယာယီပိတ်ထားတယ်လို့ ဒေသခံတွေပြောပါတယ်။

ကန်ပိုင်တည်မြို့နဲ့ အနီးမှာရှိတဲ့ ဆဒုံးမြို့ကို KIA ပူပေါင်းတပ်တွေက ဇွန်လ ၁၁ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်လိုက်တာကြောင့် KIA ရဲ့ စစ်ဆင်ရေးက ကန်ပိုင်တည်ဘက်ကို ဦးတည်လာပြီး တိုက်ပွဲဖြစ်လာမှာကို ဒေသခံပြည်သူတွေက စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...