စစ်တပ်၏ ခြိမ်းခြောက်သတ်ဖြတ်ခံရသူများရှိနေ၍ ချောင်းနှစ်ခွစစ်ရှောင်များ နေရပ်မပြန်ရဲဖြစ်နေ

စစ်တပ်၏ ခြိမ်းခြောက်သတ်ဖြတ်ခံရသူများရှိနေ၍ ချောင်းနှစ်ခွစစ်ရှောင်များ နေရပ်မပြန်ရဲဖြစ်နေ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ချောင်းနှစ်ခွကျေးရွာ စစ်ဘေးရှောင်များအနေဖြင့် နေရပ်ပြန်ရန် စစ်ကောင်စီ ၏ ခြိမ်းခြောက်သတ်ဖြတ်ခံရသူများရှိနေ၍ နေအိမ်မပြန်ရဲကြကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလပိုင်းကတည်းက ကျေးရွာအနီးတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ချောင်းနှစ်ခွရဲ စခန်း နှင့် ကျေးရွာအတွင်းရှိ ဒေသခံများ၏ နေအိမ်များ၊ ဈေးဆိုင်များတွင် စစ်ကောင်စီက ယနေ့အချိန်အထိ ဆက်လက်တပ်စွဲနေထိုင်နေခြင်းကြောင့် ဒေသခံအများအပြား စစ်ဘေးရှောင်နေရခြင်းဖြစ်သည်။

စစ်ရှောင်ကာလ (၇)လခန့် ရှည်ကြာလာသော်လည်း နေအိမ်ပြန်လိုသည့် စစ်ဘေးရှောင်များကို တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခြိမ်းခြောက်မောင်းထုတ်နေပြီး ပြန်လာသူ ချောင်းနှစ်ခွရွာသားအချို့ကိုပါ သတ်ဖြတ်သဖြင့် သေဆုံးသူ(၁၀)ဦးကျော်လာပြီးဖြစ်ကြောင်း ဒေသခံများနှင့်နီးစပ်သူအမျိုးသမီးတစ်ဦးက ပြောသည်။

“ ရွာထဲအဝင်ကိုမခံတာ။ ရွာသားတွေကိုလည်းပြန်မလာနဲ့ ပြန်လာမယ်ဆိုရင်လည်းသတ်မယ်အဲ့လိုမျိုး ပြောထား တယ်။ အိမ်ပြန်လို့ စစ်တပ်ကအသတ်ခံရတာ (၁၀) ယောက်ကျော်နေပြီးလို့သိရတယ်။ လူတွေလည်း မသွားရဲတဲ့ အခါကျ ဘယ်လိုအသတ်ခံထားရတာလဲဆိုတဲ့ အခြေအနေကိုမသိရဘူး။ ရဲစခန်းအပြင် လမ်းမတန်းကအိမ်တွေ အထူးသဖြင့်ဈေးဆိုင်တွေဆိုရင် တပ်စွဲထားတဲ့အပြင် ဆိုင်မှာရှိတဲ့ပစ္စည်းတွေလည်း ကုန်ပြီ။” ဟု ၎င်းက ကေအိုင်စီ ကို ပြောသည်။

စစ်ကောင်စီက ချောင်းနှစ်ခွကျေးရွာအတွင်းရှိ နေအိမ်များအပြင် ကားလမ်းမနံဘေးရှိ ဈေးဆိုင်များအတွင်းပါ တပ်စွဲနေထိုင်နေသဖြင့် စစ်တပ်ရှိရာ ပတ်ဝန်းကျင်မှ ဒေသခံများ လက်ရှိအချိန်ထိ နေအိမ်မပြန်ရဲသလို အနီးနား ကျေးရွာမှ ဒေသခံများသည်လည်း အသက်အန္တရာယ်လုံခြုံရေးကြောင့် မိမိတို့နေအိမ်တွင် ညအိပ်ညနေ မနေရဲ ကြကြောင်း သိရသည်။

ဒေသခံစစ်ရှောင်အချို့မှာလည်း ထိုင်း-မြန်မာ နယ်စပ်မှတဆင့် ထိုင်းနိုင်ငံဘက်ကိုထွက်ခွာနေကြပြီး ကျန်ရှိ အချို့ စစ်ဘေးရှောင်များမှာ စစ်ရှောင်ကာလ ကြာမြင့်လာသည်နှင့်အမျှ နေရာထိုင်ခင်းနှင့် အခြေခံစားသောက် စရာ လိုအပ်ချက်များ ရှိလာနေသည်ဟုလည်း ၎င်းတို့ကိုကူညီ ပေးနေသူများကပြောသည်။

ယခုလို စစ်ကောင်စီက ပြည်သူလူထုပိုင် နေအိမ်များအတွင်း တပ်စွဲနေထိုင်သည့်အပြင် နေရန်ပြန်ရန်တားမြစ် ခြင်း၊ သတ်ဖြတ်ခြင်း နှင့် ပြည်သူပိုင်ပစ္စည်းများအား မောင်ပိုင်စီး လုယူထားခြင်းတို့သည် ဆိုးရွားသော လူ့အခွင့် အရေးချိုးဖောက်မှုများဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ-MSFC ၏ လူသားချင်းစာနာရေးနှင့် ကယ်ဆယ် ရေးဌာနမှူး မိဆုတဂျိုကလည်း ယခုလိုပြောသည်။

၎င်းက “တပ်စွဲထားတာ အဓိက ကတော့ စစ်တပ်က သူ့ရဲ့တပ်စခန်း၊ ရဲစခန်းအပြင်ကို ပြည်သူတွေရဲ့အိမ်နဲ့ ဈေးဆိုင်တွေကို တပ်စွဲထားတာက လုယက်သိမ်းဆည်းမှုဖြစ်တာပေါ့။ ပြီးတော့ ပြည်သူတွေ ကိုယ့်အိမ် ကိုယ်ပြန်တာကို သတ်ဖြတ်ခြင်းက ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေပါ” ဟု မိဆုတဂျိုက ပြောသည်။

အဆိုပါ ချောင်းနှစ်ခွတိုက်ပွဲကြောင့် စစ်ဘေးရှောင်ဦးရေ (၂,၀၀၀) ခန့်ရှိသည်တွင် MSFC အနေဖြင့် စစ်ဘေး ရှောင်ရာဂဏန်းခန့်ကိုသာ လက်ရှိကူညီထောက်ပံ့မှုပေးနိုင်ပြီး နေရာထိုင်ခင်းလိုအပ်ချက်အတွက် စီစဥ်နေ ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ချောင်းနှစ်ခွရွာ နှင့် တံတားထိပ်နေရာများတွင် စစ်ကောင်စီနှင့်တော်လှန်ရေးတပ်များ ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်တပ်ဘက်ကအသေအပျောက်ရှိခဲ့ရာ စစ်ကူအများအပြားဖြင့် ကျေးရွာအတွင်း တပ်စွဲထားခဲ့ပြီးနောက်ပိုင်း ဘေးပတ်ဝန်းကျင်ရွာများသို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ ချောင်းနှစ်ခွရွာအတွင်းရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

June 15, 2024
ဖားအံမြို့တွင် ပြီးခဲ့သည့် မေလမှ စတင်ကာ စျေးကွက်အတွင်းလူသုံးများသည့် ဆေးဝါး နှင့်...
June 14, 2024
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာ ၄ရွာတွင် နှစ်ဖက်တိုက်ပွဲ...
June 13, 2024
တနင်္သာရီတိုင်းဒေသကြီးအတွင်း တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်အကြား နှစ်ဖက်တိုက်ပွဲ...
June 12, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဒေသခံပြည်သူများအနေဖြင့် ကုန်ပစ္စည်း သွားလာရောင်းဝယ်မှုမရတော့...