စစ်ရှောင်နေအိမ်များ ခိုးယူခံရ

စစ်ရှောင်နေအိမ်များ ခိုးယူခံရ

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) ပူးပေါင်းတပ်တို့က လူသူကင်းမဲ့နေသည့် နေအိမ်များထဲမှ အဖိုးတန်ပစ္စည်းများကို ခိုးယူခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ် များက ပြောသည်။

ဆီဆိုင်မြို့နယ်ရှိ ထီဗွာ(ရေဖြူ)၊ ကောင်းဝိန်း၊ နောင်ကျော၊ ကန်တော်လေး စသည့် ကျေးရွာများထဲ စစ်ကြောင်း ထိုး ဝင်ရောက်လာပြီးနောက် ပြည်သူများ ကြောက်ရွံ့ထိတ်လန့်၍ ထွက်ပြေးတိမ်းရှောင်သွားသည့် အချိန်တွင် ဝင်ရောက် ခိုးယူခဲ့ခြင်း ဖြစ်သည်။

စစ်ဘေးတိန်းရှောင်နေရသူ တစ်ဦးက “သူတို့က စစ်ကြောင်းထိုးတယ်။ ပြည်သူတွေက ထွက်ပြေးကုန်တော့ အဲဒီ မှာ သူတို့ ဒီအိမ်ကြီး အိမ်ကောင်းတွေကို ပိုဝင်တာပေါ့နော်။ ဝင်ပြီးတော့မှ ပစ္စည်းတွေ ခိုးတယ်။ တန်ဖိုးရှိမယ့် ပစ္စည်းတွေ ရှာတာပေါ့။ ခိုးခံရတာ အများဆုံးက ဆိုင်ကယ်တွေပေါ့နော်။ ထိုင်းအမျိုးအစား ဆိုင်ကယ်တွေ ဆို ရင် အကုန်လုံး ခိုးသွားကြတာပေါ့လေ။ ကုန်စုံဆိုင်ဆိုရင် အကုန်လုံး မွှေနှောက်ပြီးတော့မှ အဲဒီ အရက်တွေ ဘီယာတွေ၊ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ အဲ့လိုမျိုးတွေဆို အကုန်လုံး ခိုးကြတယ်။ နောက်ဆုံး ပြောင်းမျိုးစေ့တွေ ဘာတွေတောင် ခိုးသွားပြီးမှ ပြန်ရောင်းစားကြတာပေါ့နော်” ဟု ပြောသည်။

မေလ ၁၆ ရက်နေ့ မှ ၁၇ ရက်နေ့အထိ ၃ ရက်တာ ကာလအတွင်း ခိုးယူခဲ့ခြင်း ဖြစ်ပြီး ခိုးရာပါပစ္စည်း အချို့ကို ဆီဆိုင်ဈေးတွင် ရောင်းချနေကြခြင်း ဖြစ်သည်။

ထို့အပြင် အဆိုပါပစ္စည်း အများစုကို ၎င်းတို့ အမျိုးသမီး အမည်များ ရေးထိုး၍ နောက်တန်းသို့ ပြန်ပို့နေသည်ဟု စစ်ဘေးရှောင်များက ဆိုသည်။

အလားတူ ကျေးရွာနေ ပြည်သူများ၏ အိမ်မွေးတိရစ္ဆာန်များကိုလည်း သတ်ဖြတ်စားသောက်နေကြပြီး ဝက်များ ကို ဈေးနှိမ်၍ ဝယ်ယူနေသည်ဟု နောင်ကျောကျေးရွာတွင် နေထိုင်သူ တစ်ဦးက ပြောသည်။

“ပြည်သူ့စစ်နဲ့ စစ်ကောင်စီတွေ ရောက်တဲ့ နေရာဆိုရင် ကြက်တွေကို ပစ်စားကြတာပေါ့နော်။ ရွာသူ/သားတွေရဲ့ အိမ်မွေးကြက်တွေပေါ့နော်။ ခွင့်ပြုချက်မရှိဘဲနဲ့ သတ်စားကြတာ။ တချို့ရွာတွေမှာ ခွေးပါ သတ်စားကြတယ်လို့ ပြောတယ်။ နောက်ပြီး ဝက်ကျတော့ သူတို့ ဝယ်တာပေါ့နော်။ ဝယ်တယ်ဆိုတာလည်း ဓါးပြတိုက်တာပေါ့နော်။ ရွာသူ/သားတွေ မွေးထားတဲ့ ဝက်က ၅ သိန်းတန်တယ်ဆိုရင် သူတို့က တစ်သိန်းခွဲ ပေးပြီးတော့ သတ်စားလိုက် တာ အဲ့လိုမျိုးပေါ့။”

စစ်ကောင်စီ နှင့် PNA ပူးပေါင်းတပ်တို့သည် ကုန်စုံဆိုင်များအား အဓိက ပစ်မှတ်ထား ခိုးယူကြပြီး အများစု ယူ ဆောင်သွားသည့် ပစ္စည်းများမှာ အရက်၊ ဘီယာနှင့် ရိက္ခာခြောက်များ ဖြစ်သည်ဟု စစ်ဘေးရှောင်များ၏ ပြောပြချက်အရ သိရသည်။

PNA ၏ လုပ်ရပ်များအား စစ်တပ်လော်ဘီများမှ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (PNO) အနေဖြင့် အောက်ခြေ လုပ်ရပ်များကို မသိ၍ အရေးမယူခြင်း ဖြစ်သည်ဟု ဝါဒဖြန့်ထားသော်လည်း ပအိုဝ်းအမျိုးသား လွတ်မြောက် ရေး တပ်မတော် (PNLA)၏ စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ၎င်းတို့ မသိဟု ဆိုခြင်းမှာ ယုတ္တိ မဆန်ဘူးဟု ပြောသည်။

“ လက်တွေ့ အခြေအနေမှာတော့ သူတို့မသိတာ တခုမှ မရှိဘူးလေ။  သူတို့ မသိတာ မဖြစ်နိုင်ပါဘူး။ ဒါက စစ် ကောင်စီ လက်အောက်ခံတပ် ဖြစ်နေတဲ့အတွက် စစ်ကောင်စီရဲ့ အကျင့်စရိုက် ကူးစက်သွားတယ်လို့ပဲ ပြောရ မှာ ပေါ့နော်။ လုပ်ချင်တာလုပ် သူတို့စစ်ရေး အောင်မြင်ဖို့ အဓိကပဲ ဆိုတာမျိုး ဖြစ်နေတာပေါ့လေ။ PNO လူကြီး ပိုင်း နေဝင်းထွန်းတို့ ဆိုရင်လည်း ဒု-စစ်ဦးစီးချုပ်ပဲလေနော်။ သူဦးဆောင်ပြီး သွားတာပဲလေနော်။”

အလားတူ မေလ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်နှင့် PNA ပူးပေါင်းတပ်များသည် နောင်ရင်းကျေးရွာ၏ ရွာသူကြီး ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီးနောက် ၎င်းတို့ ပိုင်ဆိုင်သည့် ကားတစ်စီးအား သိမ်းယူခဲ့သေးသည်။

ယခုမေလအတွင်း စစ်ကောင်စီတပ်နှင့် PNA ပူးပေါင်းတပ်များမှာ တိုက်ပွဲပြင်းထန်နေသည့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများအတွင်း ပြည်သူပိုင် ပစ္စည်းများကို လိုက်လံခိုးယူနေကြသည့် အပြင် ခိုးရာပါပစ္စည်း အချို့ကိုလည်း ကန်ထရိုက်ဆွဲသူများထံ ရောင်းချနေကြပြီး ကားများဖြင့် ပေါ်ပေါ်တင်တင် သယ်ယူခွင့် ပြုနေ သည်။

Most read this week

June 17, 2024
မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်တွင် ဓါတ်လိုက် ဒဏ်ရာရသည့် အကျဉ်းသားနှင့် ပတ်သက်၍ စစ်ကောင်စီက...
June 12, 2024
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်းရှိ တအာင်းအမျိုးသား တပ်မတော် TNLA ၏ တပ်စခန်းကို...
June 11, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်နေ ပြည်သူ ၅၀၀ နီးပါးခန့်မှာ တတိယအကြိမ်...
June 8, 2024
မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူငယ်ပြုပြင်ရေး စခန်းများတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော အသက် မပြည့်သေး...