ဘုရားသုံးဆူဒေသဘက် တရုတ်နိုင်ငံသားများ ရွှေ့ပြောင်းဝင်ရောက်မှုများလာ

ဘုရားသုံးဆူဒေသဘက် တရုတ်နိုင်ငံသားများ ရွှေ့ပြောင်းဝင်ရောက်မှုများလာ

မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့် တရုတ်ငွေလိမ်လုပ်ငန်းများကို ၅ လအတွင်း ထွက်ခွာရန် ကရင် နယ်ခြား စောင့် တပ်-BGF က သတိပေးထုတ်ပြန်လိုက်ပြီးနောက် ဘုရားသုံးဆူမြို့ဘက်ကို တရုတ်နိုင်ငံသားများ နယ်မြေခံ လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ အကူအညီဖြင့်နေ့စဉ် ဝင်ရောက်မှုများရှိလာနေကြောင်း ဒေသခံသတင်း အရင်းအမြစ်များက ပြောသည်။

ဒေသအတွင်း နယ်မြေအလိုက် ထိန်းချုပ်စိုးမိုးထားသည့် KNU/KNLA-PC (ငြိမ်းချမ်းရေးကောင်စီ)၊ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော်-DKBA နှင့် BGF တပ်ဖွဲ့များက နယ်မြေဖြတ်သန်းသွားလာရန် ညှိနှိုင်းပူးပေါင်းပြီး တရုတ်နိုင်ငံသားများအား ဘုရားသုံးဆူ မြို့ဘက်ကို နေရာပြောင်းရွှေ့ပေးနေကြောင်း တောင်ကြာအင်းဒေသခံ တစ်ဦးက ယခုလိုပြောသည်။

" အခုဒီမေလမှာ ပိုပြီး တရုတ်တွေ ဖြတ်သွားနေတာတွေ့ ရတယ်။ ခရီးသည်တင်ကား၊ အန်စာတုံး၊ ဟိုက်အေ့၊ ဘောက်စီကားတွေကို သူတို့အဖွဲ့အစည်းကားတွေနဲ့တွဲပြီး တပ်ဖွဲ့တင်ထားတဲ့ လုံခြုံရေးလမ်းကြောင်းကားတွေ ဖြတ်သွားတာတွေ့ နေရတယ်။ ကိုးတိုင်လမ်းဆုံကနေ ကြာအင်းဆိပ်ကြီး၊ သုံးဆူအထိက လမ်းတစ်လျှာက်အဖွဲ့ အစည်းအစုံက ဂိတ်တွေအကုန်လုံးဖွင့်ပေးထားတယ်။ ဒီတရုတ်တွေက မြဝတီမှာလုပ်စားမရတော့ သုံးဆူမြို့ ဘက်နေရာထပ်ရွှေ့နေတာလို့တော့ ပြောကြတယ်" ဟု ကေအိုင်စီ သို့ပြောသည်။

သို့သော် တရုတ်လူမျိုးများ ဘုရားသုံးဆူဘက်ကို နေရာပြောင်းရွှေ့ပေးရာတွင် နယ်မြေခံ KNU/KNLA-PC၊ DKBA နှင့် BGF တပ်ဖွဲ့များက ညှိနှိုင်းလုပ်ဆောင်နေသည်ဟု ပြောဆိုနေမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများအား ကေအိုင်စီက ကြိုးစားဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

အဆိုပါ တရုတ်ငွေလိမ်လုပ်ငန်းများသည် မြဝတီ၊ ရွှေကုက္ကိုလ်၊ ကျောက်ခက်၊ မယ်ထော်သလေး နှင့် ဝေါလေ စသည့် ဒေသဘက်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆမတန် ကြီးထွားလာနေပြီး နယ်စပ်ဖြတ်ကျော် လူကုန်ကူးခံရမှုဖြစ်စဉ်များနှင့် နိုင်ငံခြားအလုပ်သမားများအပေါ် ညှဉ်းပမ်းနှိပ်စက်သည့် ဖြစ်စဉ်အများအပြား ပေါ် ပေါက်ခဲ့ဟုဆိုကာ နိုင်ငံတကာနှင့် အရပ်ဖက်အဖွဲ့အစည်းအချို့၏ ဖိအားပေးထုတ်ပြန်မှုများ ပေါ်ပေါက် လာခဲ့ သည်။

အလားတူ ကရင်နယ်ခြားစောင့်တပ်-BGF နှင့် ၎င်းမှအမည်ပြောင်းလဲထားသော ကရင်အမျိုးသားတပ်မတော်-KNA ၏ ခေါင်းဆောင်အချို့သည် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ ရထိုက်မြို့သစ် (သို့မဟုတ်) ရွှေ ကုက္ကိုလ်မြို့ သစ်စီမံကိန်းမှ ဒုစရိုက်လုပ်ငန်းများလုပ်ဆောင်နေသည်ဟု Justice for Myanmar အဖွဲ့က မေလ ၂၂ ရက်နေ့ တွင် သုတေသနပြုချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ အဆိုပါ လုပ်ငန်းတွင် BGF ခေါင်းဆောင် ၃ ဦးက အဓိက ပါဝင် ကြောင်းလည်း United States Institute of Peace (USIP) အဖွဲ့ကလည်း ဧပြီလ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သေးသည်။

" မြဝတီက ငွေလိမ်လုပ်ငန်းတွေက ပိုက်ဆံအရများတယ်။ စည်းကမ်းကြီးတယ်။ မြန်မာတွေ ကရင်တွေကို မတင်း ကြပ်ပေမယ့် လူကုန်ကူးပွဲစားတွေတဆင့်ခံ တရုတ်တွေဆီရောင်းစားခံထားရတဲ့ နိုင်ငံခြားသားတွေ ကို တော့ ပိတ်လှောင်နှိပ်စက်ပြီး ခိုင်းနေတာတွေက စိတ်မသက်သာလို့ အလုပ်ထွက်လိုက်တာ။ အပြင်မှာ ဘယ်လိုပဲ သတင်းတွေ ထွက်ထွက်၊ သူတို့ တရုတ်တွေကတော့ ကရင်လက်နက်ကိုင်တွေနဲ့ ပေါင်းပြီး ဆက်လုပ်နေမှာပဲ” ဟု အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ဖူးသူ မြန်မာအလုပ်သမားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

လတ်တလောတွင် မြဝတီမြို့ သောင်ရင်းမြစ်ကမ်းတစ်လျှောက်နှင့် ရွှေက္ကိုလ်မြို့သစ်လမ်းဆုံ၊ လမ်းမနေရာ  များတွင် တရုတ်နိုင်ငံသားများ ထွက်ခွာကြရန် သတိပေး ဆိုင်းဘုတ်များကို BGF တပ်ဖွဲ့က လိုက်လံစိုက်ထူ ထောင်ပြထားသော်လည်း တရုတ်ငွေလိမ်လုပ်ငန်းများမှာ ဆက်လက်လည်ပတ်နေဆဲဖြစ်ကြောင်း ထို ငွေလိမ်လုပ်ငန်းများ လုပ်ကိုင်နေသည့် အလုပ်သမားအချို့ထံမှ သိရသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...