ကရင့်တော်လှန်ရေးပန်းတိုင်ရောက်သည်အထိ ပို့ဆောင်ပေးရေးသည် လူငယ်မျိုးဆက် ၄ ဆက်မြောက်၏ တာဝန်ဖြစ်ကြောင်း KYO ပြော

ကရင့်တော်လှန်ရေးပန်းတိုင်ရောက်သည်အထိ ပို့ဆောင်ပေးရေးသည် လူငယ်မျိုးဆက် ၄ ဆက်မြောက်၏ တာဝန်ဖြစ်ကြောင်း KYO ပြော

ကရင့်တော်လှန်ရေးပန်းတိုင်ရောက်သည်အထိ ပို့ဆောင်ပေးရန် နှင့် ပခုံးပြောင်းတာဝန်ယူရန် အရေးကိစ္စသည် ကရင်လူငယ်မျိုးဆက် (၄)ဆက်မြောက်၏ တာဝန်ဖြစ်ကြောင်း ကရင်လူငယ် အစည်းအရုံးက ပြောဆိုလိုက်သည်။

ယနေ့ မေလ ၂၃ ရက်နေ့တွင် ကျရောက်သည့် ကရင်လူငယ်အစည်းအရုံး (၃၅) နှစ်ပြည့်အတွက် ပေးပို့သော ကရင်လူငယ်အစည်းအရုံး-KYO ဗဟို၏ သဝဏ်လွှာတွင် ထိုသို့ ထည့်သွင်း ပြောဆိုထားခြင်းဖြစ်သည်။

ကရင့်တော်လှန်ရေး ပထမမျိုးဆက်အနေဖြင့် အမျိုးသားခေါင်းဆောင် ကော်ခိုစောဘဦးကြီး၊ ဒုတိယမျိုးဆက်အနေဖြင့် ကရင့်နိုင်ငံရေး ဒုတိယလမ်းစဉ်ကို ချမှတ်ခဲ့သည့် ဥက္ကဋ္ဌ မန်းဘဇန်၊ တတိယမျိုးဆက်အနေဖြင့် တော်လှန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဘိုမြမျိုးဆက်ဖြစ်ပြီး ယနေ့ခေတ် လက်ရှိ KNU ၏ ထိန်းချုပ်မှုအောက်တွင် လုပ်ဆောင်နေသည့် လူငယ် အဖွဲ့အစည်းများသည် စတုတ္ထမျိုးဆက်များဖြစ်ကြောင်း KYO က ပြောသည်။

ထို့အပြင် တော်လှန်ရေးမျိုးဆက်အနေဖြင့် စတုတ္ထမြောက်မျိုးဆက်သို့ ပုခုံးပြောင်း တာဝန်ယူရန် ရောက်ရှိလာခဲ့သော်လည်း တော်လှန်ရေးအောင်မြင်နိုင်ရန်အတွက် တစ်စုတစ်ဖွဲ့ဖြင့်လုပ် ဆောင်၍ မရနိုင်ဘဲ အစုအဖွဲ့အားလုံးပါဝင်ပြီး ညီညီညွတ်ညွတ် လုပ်ဆောင်မှသာလျှင် တော်လှန်ရေး အောင်မြင်နိုင်မည်ဖြစ်ကြောင်း  KYO ဗဟို တွဲဖက်အတွင်းရေးမှူး (၂) စောအယ်ထီးကော်က ပြောသည်။

၎င်းက  “စစ်တပ်ကိုပျက်စီးချင်တယ်ဆိုရင် တစ်တိုင်းတစ်ပြည်လုံး ထကြွရုန်းဖို့တော့ လိုလိမ့်မယ် ပေါ့နော်။ ဒီပြဿနာက ရှောင်ရုံနဲ့ ပြီးသွားမှာ မဟုတ်ဘူး။ ဒီစနစ်ဆိုးကြီးက ပုံမှန်လည်ပတ်သွားမှာပဲ။ စစ်တပ်က သူတို့အာဏာတည်မြဲဖို့ ပြည်သူတွေ၊ လူငယ်တွေကို ချနင်းသွားမှာပဲပေါ့နော်။ လူငယ်တွေ အနေနဲ့ ကိုယ်နေတဲ့နေရာ ကိုယ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်လာပြီး။ အဲ့ဒါမှသာ အာဏာသိမ်းထားတဲ့ စစ်တပ်ကို ဖြိုချနိုင်မှသာလျှင် ကောင်းမွန်တဲ့ ကရင်တော်လှန်ရေးကို ရရှိမှာဖြစ်တယ်။”ဟု ကေအိုင်စီ သို့ပြောသည်။

 

ထို့ကြောင့် ကရင်လူငယ်များမှ ကရင်အမျိုးသားသမိုင်းပေးတာဝန်များကို လက်ဆင့်ကမ်း ပုခုံးပြောင်း တာဝန်ယူခြင်းမရှိပါက ကရင့်တော်လှန်ရေးသည် အင်အားချည့်နဲ့ သွားမည်ဖြစ်ပြီး အချိန် ကာလကြာမြင့်လာသည်နှင့်အမျှ ကရင်ပြည်သူလူထုများ လိုအပ်လျက်ရှိသည့် ပန်းတိုင်သို့ မရောက်ရှိနိုင်တော့ဘဲ ကရင်လူမျိုးတို့၏ ဘဝတည်ငြိမ်အေးချမ်းမှုမရှိဘဲ စိုးရိမ်ဖွယ်ရာများ ရှိလာနိုင်ကြောင်း KYOက ထောက်ပြသည်။

လက်ရှိတွင်လည်း ပြည်တွင်းနိုင်ငံရေးအခြေအနေများကြောင့် ကရင်လူငယ်များ အနေဖြင့် ပြည်ပ နိုင်ငံများသို့ တကွဲတပြားရောက်ရှိနေကြပြီး စနစ်ဆိုးအဆက်ဆက်၏ ဖိနှိပ်အုပ်ချုပ်မှု၊ လူမျိုး အသီးသီးကိုပျောက်ကွယ်အောင် လုပ်ဆောင်နေမှုများကို ပြန်လည်တွန်းလှန်နေသည့် လူမျိုး တစ်ရပ်အဖြစ် ယနေ့အချိန်ထိ ရပ်တည်လျက်ရှိကြောင်း KYO သဝဏ်လွှာထဲတွင် ရေးသားဖော်ပြထားသည်။

KYO ကို အာဇာနည်‌ခေါင်း‌ဆောင် မန်းဘခိုင်၊ မန်းဝင်း‌မောင်နှင့် မန်း‌ကျော်စိန်တို့ ဦး‌ဆောင်ပြီး ၁၉၄၆ ခုနှစ်က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ သို့‌သော် အဖွဲ့အတွင်း လူငယ်‌ခေါင်း‌ဆောင် အချင်းချင်းအကြား သ‌ဘော ထားကွဲလွဲမှုများ ဖြစ်‌ပေါ်ခဲ့သဖြင့် အဖွဲ့၏ လှုပ်ရှားမှုရပ်တန့်သွားခဲ့သည်။

ယင်း‌နောက် KNU-ကရင်အမျိုးသားအစည်းအရုံးကို အ‌ထောက်အကူပြုရန်နှင့် ကရင်မျိုးဆက်သစ် လူငယ်‌ခေါင်း‌ဆောင်များကို ‌မွေးထုတ်ရန် ရည်ရွယ်၍ ၁၉၈၉ ခုနှစ်၊ KNU ဗဟိုဌာနချုပ်‌ဟောင်း မာနယ်ပ‌လောတွင် KYO ကို ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းခဲ့သည်။

ယနေ့ ကျရောက်သည့် ကရင်လူငယ်အစည်းအရုံး(KYO) ဖွဲ့စည်းတည်ထောင်ခြင်း ၃၅ နှစ်ပြည့် အထိမ်းအမှတ်အတွက် လူ့ဘောင်သစ်လူငယ်၊ ရာမညဖက်ဒရယ်အင်အားစုသစ်များမှ ဂုဏ်ပြု သဝဏ်လွှာများပေးပို့ခဲ့ကြသည်။ ထို့အတူ KNU ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေးနှင့် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်အပါအဝင် ကရင်အမျိုးသမီးအစည်းအရုံး၊ မဟာမိတ်အင်အားစုများနှင့် ကရင်လူငယ်ခေါင်း ဆောင်များက ဂုဏ်ပြုစကားများပြောကြားခဲ့ကြသည်။

Most read this week

June 15, 2024
ဖားအံမြို့တွင် ပြီးခဲ့သည့် မေလမှ စတင်ကာ စျေးကွက်အတွင်းလူသုံးများသည့် ဆေးဝါး နှင့်...
June 14, 2024
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာ ၄ရွာတွင် နှစ်ဖက်တိုက်ပွဲ...
June 13, 2024
တနင်္သာရီတိုင်းဒေသကြီးအတွင်း တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်အကြား နှစ်ဖက်တိုက်ပွဲ...
June 12, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဒေသခံပြည်သူများအနေဖြင့် ကုန်ပစ္စည်း သွားလာရောင်းဝယ်မှုမရတော့...