ဘုရားသုံးဆူမြို့ မိုင်းပေါက်ကွဲမှုဖြစ်စဉ်အတွင်း KNU၊ BGF နှင့် DKBA အဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့

ဘုရားသုံးဆူမြို့ မိုင်းပေါက်ကွဲမှုဖြစ်စဉ်အတွင်း KNU၊ BGF နှင့် DKBA အဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့

ထိုင်း-မြန်မာနယ်စပ်၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ(၆) ဘုရား သုံးဆူမြို့ ဥဒေါင်းကန်(၈)လမ်းရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင်များနေရာတွင် ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့က ဆွဲမိုင်းဖောက်ခွဲသည့်ဖြစ်စဉ်အတွင်း BGF တပ်ဖွဲ့ဝင်အပါအဝင် KNU နှင့် ဒီမိုကရေစီအကျိုး ပြု ကရင့်တပ်မတော်-DKBA အဖွဲ့ဝင် စုစုပေါင်း ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

တပ်ပိုင်းဆိုင်ရာကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းရန်အတွက် နယ်မြေခံ KNU နှင့် DKBA အဖွဲ့ဝင်အချို့မှ ဘုရားသုံးဆူမြို့ရှိ BGF တပ်ဖွဲ့ဝင်များ စခန်းချရာနေအိမ်ဝင်းရှိသွားရောက်စဉ် BGF တပ်ဖွဲ့ဝင်များက ၎င်းတို့ထောင်ထားသည့် ဆွဲမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်မှုလုပ်ဆောင်သောကြောင့် ပေါက်ကွဲမှုဖြစ်ကာ နှစ်ဖက်စလုံးထိခိုက်သေဆုံးမှုဖြစ်ပွားခြင်းဖြစ်ကြောင်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်ထံမှ သိရသည်။

KNU နှင့်  DKBA အဖွဲ့တို့ အဆိုပါ ခြံဝင်းရှေ့ရောက်ရှိနေစဉ် နေအိမ်အတွင်းရှိ BGF ဘက်မှ တုန့်ပြန်မှု တစ်စုံတစ်ရာမရှိသည့်အတွက် သေနတ်မိုးပေါ်ထောင်ပစ်အသိပေးမှုလုပ်ဆောင်ရာတွင်  BGF က ၎င်းတို့ထောင်ထားသော ဆွဲမိုင်းနှင့် ပြန်လည်တိုက်ခိုက်မှုလုပ်ဆောင်သောကြောင့် ခြံဝင်းအတွင်းရှိ နေအိမ်နှင့် လက်နက်ဂိုဒေါင်အပါအဝင် ကူးစက်ပေါက်ကွဲခဲ့သည်ဟု နယ်မြေခံ DKBA တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “အဓိကတော့ ကျနော်တို့ကော်သူးလေဘက်က ဦးဆောင်ပြီးသွားတယ်။ အဲဒီမှာက DKBA ဆက်ဆံရေးရုံးရှိတော့ ကျနော့်တို့တပ်ဖွဲ့ဝင်တွေလည်း လိုက်ပေးတယ်။ သူတို့ ဝင်းအရှေ့ရောက်တော့ ဝင်ဖို့ ခေါ်သေးတယ်။ ဘယ်သူမှမထွက်လာတော့ ကျနော်တို့ဘက်က သေနတ်မိုးပေါ်ထောင် ပစ်လိုက် တယ်။  အဲမှာရှိတဲ့ BGF အောင်ခိုင်ဦးလူတွေက သူတို့ကို လာပစ်တာထင်ပြီး အကာအကွယ်အဖြစ် ထောင်ထားတဲ့ဆွဲမိုင်းနဲ့ဆွဲလိုက်တော့ အကုန်ပေါက်ကွဲသွားတာ။ ထိခိုက်သေဆုံးတာက ပစ်ကြတာ မဟုတ်ဘဲ ဆွဲမိုင်းကြောင့်ဖြစ်တာ။ တချို့ဆိုအကုန်မီးလောင်ပြီး ဘယ်သူဘယ်ဝါမသိတော့ဘူး။ BGF ဘက်လည်းသေတယ်”ဟု ပြောသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွင် KNU ဘက်မှ မက္ကသာကျေးရွာအုပ်စု အုပ်စုမှူးနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၁၆) တပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် DKBA ဘက်မှ ၅ ဦးနှင့် BGF ဘက်မှ ၄ ဦး ထက်မနည်းသေဆုံးခဲ့သည်ဟု ကနဦးသိရှိထားကြောင်း ထိုနယ်မြေခံ DKBA တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။

၎င်းမိုင်းပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် သက်ဆိုင်ရာ ကေအဲန်ယူ တာဝန်ရှိသူများအား ကေအိုင်စီ-ကရင်သတသင်းဌာနက ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဘုရားသုံးဆူမြို့ခံအချို့မှာ အထိတ်တလန့်ဖြစ်ပွား၍  တဖက်ထိုင်းနိုင်ငံ ဘက်သို့ သွားရောက်တိမ်းရှောင်ခဲ့ကြရာ ထိုနေ့ညနေပိုင်းတွင်ပင် ထိုင်းအာဏာပိုင်ဘက်မှ ၎င်းတိမ်း ရှောင်သူများအား နေရပ်ပြန်လည်ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

August 31, 2026
စစ်အုပ်စုသည် ၎င်းတို့၏ “ရက် (၁၀၀) စီမံကိန်း” တွင် ပြည်သူများ၏ လူမှုစီးပွား တည်ငြိမ်ရေးနှင့်...
August 31, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ဖလူး-ဝေါလေလမ်းပိုင်းရှိ သဲဖြူချောင်းအထက် တောင်ကျောနေရာသို့...
ချင်းပြည်ကောင်စီ၏ အစီရင်ခံစာမိတ်ဆက် သတင်းစာရှင်းလင်းပွဲ / Press Conference & CNF
August 29, 2026
ရည်ရွယ်ချက်၊ ဦးတည်ချက်ချင်း တူညီသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်...
ဓာတ်ပုံ - (မယ်လဒုက္ခသည်စခန်း / KIC)
August 28, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် မယ်လစခန်းတွင် နာတာရှည်ရောဂါ...