စာနယ်ဇင်းလွတ်လပ်ခွင့်ကို တားဆီးသည့် မည်သည့် ကန့်သတ်မှုမျိုးကိုမဆို ဆန့်ကျင်ကြောင်း NUG ပြော

စာနယ်ဇင်းလွတ်လပ်ခွင့်ကို တားဆီးသည့် မည်သည့် ကန့်သတ်မှုမျိုးကိုမဆို ဆန့်ကျင်ကြောင်း NUG ပြော

စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူများ၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဉ်းစားဆင်ခြင် တွေးခေါ်နိုင်စွမ်း မြင့်မားရေးအတွက် အထူးအရေးပါသဖြင့် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ်ပိတ်ပင်တားဆီးသည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို အခိုင်အမာဆန့်ကျင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ( NUG )မှ ယနေ့ (မေလ ၃ ရက်) ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် ထုတ်ပြန်သည်။

လက်ရှိကာလသည် စစ်အာဏာရှင်ကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လက်နက်စွဲကိုင် တော်လှန်နေရသည့် ကာလဖြစ်သဖြင့် သတင်းရယူချိန်တွင်လည်း နားလည်မှုဖြင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပြီး NUG အနေဖြင့် ၎င်းတို့၏ ရပ်တည်ချက်အတိုင်း ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ( NUG )ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က မဇ္ဈိမကို ပြောသည်။

“ ကျနော်တို့ အချင်းချင်း နားလည်မှုနဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ရမယ့် အခြေအနေဖြစ်ပါတယ်။ တဖက်မှာ ရပ်တည်ချက်သဘောထားတွေ၊ မူဝါဒတွေကိုစဉ်းစားတဲ့အခါမှာ NUG အနေနဲ့ကတော့ ကိုယ့် position အတိုင်း ရပ်တည်စဉ်းစားမှာဖြစ်သလို တဖက်မှာလည်း တကယ့်မြေပြင်မှာ သတင်းရယူကြတဲ့ အခြေအနေမျိုးမှာဆိုရင်တော့ processes (သတင်းရယူပုံ) ပိုင်းကို ညှိနှိုင်းပြီး ဆောင်ရွက်ကြမယ့်အခြေအနေဖြစ်တယ်လို့ သဘောထားပါတယ်ဗျ” ဟု ဦးနေဘုန်းလတ်က ပြောသည်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁)၊ ပုဒ်မ ၄၂ တွင် သတင်းမီဒီယာများ၏ လွတ်လပ်စွာရပ်တည်ပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းတင်ပြပိုင်ခွင့်တို့အား အကာအကွယ်ပေးရမည် ဟူသည့်အချက် ပါဝင်သည်။

“သတင်းမီဒီယာသမားများအား ခြိမ်းခြောက် နှောင့်ယှက်သည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ပြတ်သားစွာ ဆန့်ကျင်ပြီး ထိုလုပ်ရပ်များ ပပျောက်သွားစေရန်နှင့် သတင်းသမားများကို ကာကွယ်ပေးနိုင်ရန် ကြိုးပမ်း လုပ်ဆောင်သွားမည်” ဟု NUG က ဆိုသည်။

ယင်းအပြင် သတင်း မီဒီယာများ ခိုင်မာအားကောင်းစွာ ရပ်တည်နိုင်ရေး အားပေးထောက်ခံပြီး ပြည်သူလူထု၏ သတင်းသိပိုင်ခွင့်၊ စာနယ်ဇင်း လွတ်လပ်ခွင့် နှင့် သတင်းမီဒီယာများ သတင်းရယူပိုင်ခွင့် ပိုမိုအားကောင်းစေရန် ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု “NUG ၏ စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ၏ သဘောထားရပ်တည်ချက်” တွင် ဖော်ပြသည်။

မြန်မာနိုင်ငံတွင် သတင်းသမားများသည် အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရသည့် အခြေအနေအထိ ရှိနေသော်လည်း သတင်းထောက်များ၏ အသက်အန္တရာယ်ကိုအာမခံ ကာကွယ်ပေးမည့် အဖွဲ့အစည်းမရှိသေးကြောင်းနှင့် ယင်းအဖွဲ့အစည်းမျိုး ရှိလာသင့်ကြောင်း Exile Hub မှ တာဝန်ရှိသူအမျိုးသမီး က ပြောသည်။

“မြန်မာနိုင်ငံထဲရှိနေတဲ့သတင်းသမားတွေဆိုရင်တော့ အသက်အန္တရာယ်အထိစိုးရိမ်ရတယ်။ အချိန်မရွေး သတ်ဖြတ်ခံရနိုင်တဲ့အထိ လက်ရှိမှာ ကြုံတွေ့နေရတာရှိတယ်” ဟုဆိုသည်။

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် သတင်းစာလွတ်လပ်ခွင့် ကန့်သတ်ခံနေရကာ လက်ရှိကာလအချိန်များအထိ တိုင်းရင်းသားဒေသများတွင်ပါ ကန့်သတ်ခံနေကြရဆဲဖြစ်ကြောင်း လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် သတင်းမီဒီယာ ကျွမ်းကျင်ပညာရှင်များကို ထောက်ပံ့ကူညီရန်ဖွဲ့စည်းထားသည့် Exile Hub မှ ၎င်းအမျိုးသမီးက ပြောသည်။

“ဒီကာလမှာ ကရင်နဲ့ တခြားဒေသတွေမှာ ကန့်သတ်မှုတွေရှိတာပေါ့နော်။ ကယားမှာလုပ်နေတဲ့သတင်းထောက်တွေ ပြန်ပြောတာလည်း လုပ်နေရတဲ့ အခြေအနေမှာ အကန့်အသတ်တွေရှိလာတယ်ပေါ့နော်။ ရခိုင်မှာလည်း အဲ့လိုပဲ။ တချို့အချက်အလက်တွေဆိုရင် ထုတ်ပြန်ခွင့်မပေးဘူး” ဟု Exile Hub မှ တာဝန်ရှိသူအမျိုးသမီး ကပြောသည်။

လက်ရှိတွင် အမျိုးသမီးသတင်းသမားများအပါအဝင် ပြည်ပရောက် သတင်းသမားများ၏ ၈၄ ဒသမ ၈ ရာခိုင်နှုန်းသည် ဆိုးရွားလှသည့် လုံခြုံရေးအခြေအနေနှင့် သတင်းလုပ်ငန်းနှင့်တိုက်ရိုက်ဆက်စပ်နေသည့် ခြိမ်းခြောက်မှုများကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာရခြင်းဖြစ်ကြောင်း Exile Hub ၏ သုတေသန အစီရင်ခံစာတွင် ဖော်ပြထားသည်။

“နယ်စပ်ဒေသတွေက သတင်းသမားတွေကအစ ကိုယ့်ကိုယ်ကို သတင်းထောက်ပါလို့ ဖော်ပြလို့မရတဲ့အချက်အလက်တွေရှိတယ်။ ဘယ်နေရာနေနေ ကျမတို့မှာ လုံခြုံမှုက လုံးဝအပြည့်အဝမရသေးဘူး။ ကျမတို့နောက်ကို လိုက်နေတဲ့သူတွေက ဘယ်သူတွေရှိနေတယ်ဆိုတာကို မသိနိုင်ဘူးပေါ့လေ” ဟု Exile Hub မှ တာဝန်ရှိသူအမျိုးသမီးက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက သတင်းဌာန ၁၄ခုကို ထုတ်ဝေခွင့်လိုင်စင်များ ရုပ်သိမ်းခဲ့ကာ နိုင်ငံတဝန်းသတင်းထောက် ၁၆၉ ဦးနှင့်အထက်ကို ဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီးခံ သတင်းသမားများစာရင်းကို ပြုစုထားသည့် Detained Journalists Information Myanmar ၏ အချက်အလက်များအရ သိရသည်။

လက်ရှိတွင် စစ်ကောင်စီမှ သတင်းသမားနှင့် မီဒီယာလုပ်ငန်းလုပ်ကိုင်သူ ၆၂ ဦးကို ဖမ်းဆီးအကျဉ်းချထားပြီး ယင်းအရေအတွက်သည် ကမ္ဘာလုံးအတိုင်းအတာအရ အမြင့်ဆုံး စံချိန်တခုဖြစ်ကြောင်း နယ်စည်းမခြားသတင်းသမားများအဖွဲ့ RSF က ဧပြီလအတွင်းတွင် ထုတ်ပြန်ထားသည်။

ယင်းအပြင် သတင်းစာလွတ်လပ်ခွင့် အန္တရာယ်အကြီးမားဆုံး ကမ္ဘာ့နိုင်ငံ ၁၀ ခုတွင် မြန်မာနိုင်ငံသည် ပထမ နေရာတွင်ရှိနေပြီး တရုတ်၊ မြောက်ကိုးရီးယား၊ ဗီယက်နမ် နှင့် အာဖဂန်နစ္စတန် တို့သည် အန္တရာယ်အမြင့်မားဆုံး နိုင်ငံ များဖြစ်ကြောင်း နယ်စည်းမခြားသတင်းသမားများအဖွဲ့ RSF ၏ “၂၀၂၄ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် အညွှန်းကိန်း” အစီရင်ခံစာတွင် ဖော်ပြထားသည်။

Most read this week

December 17, 2025
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် ခလရ (၂၆၇) တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ်...
December 16, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်မှ ပေါင်...
December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...
December 10, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း က ဒေသခံ ၁၂...