စစ်ကောင်စီတပ်သားများ လက်ပစ်ဗုံးနှင့်ပစ်ခတ်၍ ဒုက္ခသည်စခန်းမှ ကလေးနှစ်ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်သားများ လက်ပစ်ဗုံးနှင့်ပစ်ခတ်၍ ဒုက္ခသည်စခန်းမှ ကလေးနှစ်ဦး ဒဏ်ရာရ
စစ်တွေမြို့နယ်၊ ဘုမေကျေးရွာအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို ၂၀၁၂ ခုနှစ်က တွေ့ရစဉ်။
စစ်တွေမြို့နယ်၊ ဘုမေကျေးရွာအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို ၂၀၁၂ ခုနှစ်က တွေ့ရစဉ်။

ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် (ဧပြီ ၁၃ ရက်) ည ၈ နာရီက စစ်ကောင်စီတပ်သားများက လက်ပစ်ဗုံးနှင့်ပစ်ခတ်သဖြင့် အုန်းတောကြီး(မြောက်) မွတ်ဆလင်ဒုက္ခသည်စခန်းမှ ကလေးနှစ်ဦး ဒဏ်ရာရသွားခဲ့ကြောင်း စခန်းတွင်းနေထိုင်သူများထံမှ သိရသည်။

အုန်းတောကြီး(မြောက်) ဒုက္ခသည်စခန်းမှ အသက် ၃၀ ကျော်အရွယ် အမျိုးသားနှစ်ဦးကို စစ်မှုထမ်းရန် အတင်းအဓမ္မလာခေါ်စဉ် ထွက်ပြေးသဖြင့် စစ်ကောင်စီတပ်သားများက လက်ပစ်ဗုံးဖြင့် လှမ်းပစ်ရာတွင် အနီးရှိ ကလေးနှစ်ဦးကို ဗုံးစထိမှန်သွားခြင်းဖြစ်ကြောင်း သိရသည်။

“အသက် ၃၀ ကျော်ရှိတဲ့ အမျိုးသားနှစ်ယောက်ကို စစ်မှုထမ်းရမယ်ဆိုပြီး လာခေါ်တဲ့အခါ မလိုက်ဘဲ သူတို့က ထွက်ပြေးကြတယ်။ အဲဒီမှာ ဝရမ်းပြေးသတ်မှတ်တယ်ဆိုပြီး လက်ပစ်ဗုံးနဲ့ပစ်လိုက်တဲ့အခါ ကလေးတွေကို ထိသွားပါတယ်။ မိန်းကလေးတစ်ယောက်နဲ့ ယောကျာ်းလေးတစ်ယောက်ပါ။ ဝမ်းဗိုက်နဲ့ နောက်ကျောမှာ ဒဏ်ရာရသွားတာပါ” ဟု အုန်းတောကြီး(မြောက်) ဒုက္ခသည်စခန်းမှ အမျိုးသားတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသွားသည့် ကလေးငယ်နှစ်ဦးကို ယမန်နေ့ ဧပြီ ၁၄ ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီတပ်သား ၁၀ ခန့်နှင့် ရဲတပ်ဖွဲ့ဝင်များ လာရောက်ကာ ဆေးကုသရန်ခေါ်ဆောင်သွားခဲ့ကြောင်းလည်း သိရသည်။

“မိသားစုဝင်တွေကိုလည်း လိုက်ခွင့်မပေးဘူး။ သူတို့ကိုယ်တိုင် ဆေးကုသပေးမယ်ဆိုပြီး ခေါ်သွားခဲ့ပါတယ်။ ဒဏ်ရာကတော့ အများကြီးတော့ မပြင်းပါဘူး။ ဘယ်နားကို ခေါ်သွားမှန်းလည်းမသိတော့ အကုန်လုံးကတော့ စိုးရိမ်နေကြပါတယ်” ဟု အုန်းတောကြီး(မြောက်) ဒုက္ခသည်စခန်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တွေမြို့နယ်ရှိ ကျေးရွာများနှင့် ဒုက္ခသည်စခန်းများမှ မွတ်ဆလင် ၁,၀၀၀ ကျော်ကို စစ်ကောင်စီက ပြီးခဲ့သည့် မတ်လအတွင်း အတင်းအဓမ္မခေါ်ယူကာ စစ်သင်တန်းပေးထားပြီး နောက်ထပ် လူဦးရေ ၁,၀၀၀ ထပ်တောင်းထားသည်ဟု မွတ်ဆလင်အသိုင်းအဝိုင်းထံမှ သိရသည်။

စစ်ကောင်စီသည် မွတ်ဆလင်များအား စစ်သင်တန်းတက်ရောက်ရန် အတင်းအဓမ္မခေါ်ယူကာ သင်တန်းပေးပြီး ရှေ့တန်းထွက်ခိုင်းနေသည့်အတွက် မိသားစုဝင်များမှာ စိုးရိမ်နေကြသည်။

ဘုမေကျေးရွာမှ မွတ်ဆလင် အမျိုးသားတစ်ဦးက “ကျနော်တို့မှာ ထွက်ပြေးလို့လည်းမရသလို တိမ်းရှောင်နေလို့လည်း မရတဲ့အခြေအနေပါ။ ပထမတခေါက်တုန်းက စစ်မှုထမ်းဖို့ ခေါ်သွားတဲ့ အချိန်တုန်းကလည်း ရသေ့တောင်တိုက်ပွဲမှာ အများကြီး သေဆုံးကြတာရှိပါတယ်။ အခုလည်း သင်တန်းပေးပြီးရင် ဒီလိုလုပ်လာမှာပဲ။ ဒါကတော့ ကျနော်တို့လူမျိုးတွေကို မြေစာခံအဖြစ် အသုံးပြုပြီး သတ်ဖြတ်နေတာလို့ ပြောချင်ပါတယ်” ဟု ပြောသည်။

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ပြည်သူများအား အတင်းအဓမ္မစစ်မှုထမ်းခိုင်းပြီး စစ်မြေပြင်သို့ ပို့ဆောင်လျက်ရှိသည်။

၂၀၂၃ ခုနှစ်အတွင်းက စစ်တွေမြို့ မြင်ကွင်း။ ဓာတ်ပုံ - DMG
May 28, 2026
ရခိုင်ပြည်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို...
ရခိုင်လူထုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(RCDF)မှ အသင်းသူတစ်ဦး သွေးလှူဒါန်းနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Ko Htun Iin (ပေးပို့)
May 26, 2026
စစ်အုပ်စု၏ လေကြောင်း အန္တရာယ်နှင့် ဒေသတွင်း စက်သုံးဆီ ဈေးနှုန်းများ အဆမတန်မြင့်...
ရခိုင်ပြည်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMG
May 26, 2026
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ...
May 25, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် မကွေးတိုင်းနှင့် ချင်းပြည်တောင်ပိုင်းက...