မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတား ယာယီပိတ်ထား

မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတား ယာယီပိတ်ထား

မြဝတီမြို့နှင့်အနီးတဝိုက်တွင် လက်ရှိဖြစ်ပွားနေသော အခြေအနေကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ  အမှတ် (၂) ချစ်ကြည်ရေးတံတားကို ယနေ့မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံဘက်က ယာယီပိတ်ထားလိုက်ကြောင်း နယ်စပ်သတင်းအရင်းအမြစ်များအရ သိရသည်။

ယနေ့ နံနက်ပိုင်းက မြဝတီမြို့အပြင်ဘက်ရှိ စစ်ကောင်စီ၏နောက်‌ဆုံးခံတပ် ခြေလျင်တပ်ရင်း ခလရ(၂၇၅) ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် ထိုစခန်းမှထွက်ပြေးလာသော စစ်ကောင်စီတပ်သားများ အမှတ်(၂)တံတားအနီး ရောက်ရှိလာသဖြင့် ထိုင်းနိုင်ငံဘက်က တံတားယာယီပိတ်ထားခြင်းဖြစ်သည်ဟု နယ်စပ်နေထိုင်သူအမျိုးသားတစ်ဦးက ပြောသည်။

၎င်းက “တံတား(၂)က ပိတ်သွားပြီ ၂၇၅ က ဆုတ်လာတဲ့စစ်သားတွေတော့ တံတားနားမှာရှိနေတယ်။ သူတို့ဝင်ပြီးရင်တော့ ဖွင့်ကောင်းဖွင့်နိုင်တာပေါ့။ လောလောဆယ်တော့ တပ်နဲ့ရှုပ်မှာစိုးလို့ ပိတ်ထားတာလည်းဖြစ်နိုင်တယ်။ သူတို့(ထိုင်းဘက်က) ပေးဝင်မှာပါ၊ လက်နက်ရောလူရောဆိုတော့ စိစစ်ပြီးပေးဝင်မှာပါ။” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်ရန်အစီအစဥ်ရှိ၍ အမှတ်(၂)တံတားအနီး စစ်ကောင်စီတပ်သားများ ရောက်ရှိပုန်းအောင်းနေသည့်အတွက် ပြည်သူများအပေါ် ရမ်းသမ်းပစ်ခတ်မှုများရှိလာနိုင်သဖြင့် ထိုနေရာအနီးသို့ မသွားလာကြရန် ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟိုဘက်ကလည်း ယနေ့ သတိပေးထုတ်ပြန်ထားသည်။

“အမှတ်(၂)တံတားကတော့ယာယီပိတ်ထားတယ်။ သူတို့အဲဒီကိစ္စကို ရှင်းဦးမှာပေါ့။ လောလောဆယ် သတင်းကြားတာက မြန်မာဘက်ကမ်းမှာ တပ်ဘက်က စစ်သားအယောက် ၁၀၀ လောက်ရှိနေတယ် ။ စစ်ကူစောင့်တာလား၊ ထိုင်းဘက်ကူးဖို့လား မသေချာဘူး။ တံတားနားမှာပဲရှိနေတယ်။ KNU က တော့အဲဒီအထိလိုက်မတိုက်ဘူး” ဟု တံတားအနီး(ထိုင်းဘက်ခြမ်း)တွင် ရောက်ရှိနေသူ တစ်ဦးက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ချစ်ကြည်ရေးတံတား အမှတ်(၁)ကိုမူ လက်ရှိအချိန်ထိ ဖွင့်ထားပေးပြီး ပုံမှန် အတိုင်းသွားလာနေကြသော်လည်း အချိန်မရွေးပိတ်သွားနိုင်ကြောင်း မြို့နေထိုင်သူများက သုံးသပ်ပြောဆိုကြသည်။

နှစ်နိုင်ငံချစ်ကြည်ရေး အမှတ်(၂)တံတားအနီး ရောက်ရှိနေသော လက်နက်ကိုင် စစ်ကောင်စီတပ်သားများအား ထိုင်းနိုင်ငံဘက်က နိုင်ငံအတွင်း ဝင်ခွင့်မပြုသေးဟု နယ်စပ် နေထိုင်သူအချို့မှ ပြောဆိုမှုရှိသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

ထို့အတူ ကျုံဒိုးချောင်းဖျားမှ ထို့ကော်ကိုးလမ်းကြောင်းနှင့် ကျုံဒိုးမှ ကော့ကရိတ်လမ်းကြောင်း တို့မှ တဆင့် မြဝတီသို့စစ်ကူပေးရန် တက်လာသည့် အစီးရေ(၂၀)ကျော်ရှိသော စစ်ကောင်စီယာဉ်တန်းသည် KNLA ပူးပေါင်းတပ်၏တားမြစ်ပိတ်ဆို့ခြင်းခံရသဖြင့် ယနေ့ ၎င်းတို့ တက်လာရာလမ်းတစ်လျှောက်တွင် လက်နက်ကြီးများဖြင့် လမ်းကြောင်းရှင်းပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

Most read this week

April 27, 2024
စအိုင်ဆူး - “မိုးလင်းရင် (ရိတ်ထားသည့်စပါးများ)ချွေမယ်ဆိုပြီး အစာပြေစားနေကြတာ။ အစာပြေစားလို့တောင်...
Photo: KIC
April 27, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ခြမ်းရှိ ရွှေကုက္ကိုလ်မြို့အဝင်ကို ဧပြီလ ၂၅ ရက်၊ ယမန်နေ့မှစ၍...
April 26, 2024
ထိုင်း-မြန်မာ ကုန်သွယ်ရေးတံတားအမှတ် (၂) နေရာတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုး  သားလွတ်...
April 26, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်မြို့တွင် ရပ်နားထားသည့်...