စစ်ကောင်စီက ဂွမြို့နယ်တွင် လူပေါင်း ၂၀၀ ခန့်ကို သင်တန်းပေး လက်နက်တပ်ဆင်ပြီး စစ်ရေးဘက်တွင် အသုံးပြုလာ

စစ်ကောင်စီက ဂွမြို့နယ်တွင် လူပေါင်း ၂၀၀ ခန့်ကို သင်တန်းပေး လက်နက်တပ်ဆင်ပြီး စစ်ရေးဘက်တွင် အသုံးပြုလာ

ရခိုင်ပြည်၊ ဂွမြို့တွင် စစ်ကောင်စီက အရပ်သား ၂၀၀ ခန့်ကို စစ်မှုထမ်းခိုင်းပြီး  လက်နက် တပ်ဆင်ပေးကာ စစ်ရေးလှုပ်ရှားမှုများတွင် အသုံးပြုနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဂွအခြေစိုက် အမှတ် (၅၆၂) နှင့် (၅၆၃) တပ်ရင်းများနှင့် ၃ ရပ်ကွက်၊ ချောက်ရွာအုပ်စုတို့တွင် ပြည်သူ့စစ်များကို ယခုလလယ်ပိုင်းမှ စတင်ကာ စစ်သင်တန်းပေးလျက်ရှိရာ အနည်းဆုံး လူဦးရေ ၂၀၀ ကျော်ရှိနိုင်ကြောင်း ဂွမြို့မှစစ်ရေးစောင့်ကြည့်သူတစ်ဦးက ပြောသည်။

အဆိုပါ သင်တန်းသားများကို လက်ရှိမှာ စစ်ရေးလှုပ်ရှားမှုများ၌ အသုံးပြုလာပြီဟု လည်း မြို့ခံများထံမှ သိရသည်။

အမည်မဖော်လိုသူမြို့ခံတစ်ဦးက "ပြည်သူ့စစ်တွေကို အခု လုံခြုံရေးယူခိုင်းတာ၊ ကင်းပုန်း ဝပ်ခိုင်းတာတွေ လုပ်ခိုင်းတာကို တွေ့ရပါတယ်။ တချို့ကလည်း သေနတ်တွေရတာနဲ့ ယူနီဖောင်း တကားကား သေနတ်တွေထမ်းပြီး လုံခြုံရေးယူနေတာတွေ၊ ကင်းထောက်နေတာတွေ၊ သွားနေကြတာကို မြင်ရပါတယ်။ မြို့ခံတွေကတော့ အကုန်လုံး ကျီးလန့်စာစားဘဝလိုဖြစ်နေပြီ"ဟု ပြောသည်။

ယင်းအပြင် ဂွမြို့ မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးမျာက စစ်မှုထမ်းပါက တစ်ဦးကို တစ်လလျှင် တစ်သိန်းခွဲနှင့် ဆန်၊ဆီ၊ဆားများကိုလည်းပေးမည်ဖြစ်ကြောင်း၊ သင်တန်းပြီးပါက လက်နက်ထုတ် ပေးထားမည်ဖြစ်ကာ ရွာမှာပဲနေရမည်ဟု စည်းရုံးလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ယင်းသို့စည်းရုံးမှုကြောင့် စာရင်းပေးသူများရှိသလို အယုံအကြည်မရှိ၍ စစ်မှုမထမ်းလိုသည့် လူငယ်၊ လူလတ်ပိုင်း အမျိုးသားအများအပြားမှာ ဂွမြို့တွင် စစ်ကောင်စီ၏ လုံခြုံရေး တင်းကျပ်ထားသည့် ကြားက ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

နောက်ထပ်မြို့ခံတစ်ဦးက "ဂွမှာ လုံခြုံရေးတွေ တအားကျပ်လာတယ်။ အုပ်ချုပ်ရေးမှူးတွေကလည်း စစ်တပ်နဲ့ ပေါင်းပြီး ပါဝါပြကြတယ်။ ဒလန်တွေကတော့ အုပ်ချုပ်ရေးမှူးထက်ဆိုးလို့ ကြောက်နေရတယ်။ အခု စစ်မှုထမ်းတွေကလည်း စစ်မှုထမ်းဟောင်းတွေနဲ့ ပေါင်းပြီး သေနတ်တကားကားနဲ့ လုံခြုံရေးတွေ ယူနေကြပြီ။ ရွာတွေဘက်မှာက ပိုခံရတာပေါ့။ အုပ်ချုပ်ရေးမှူးနဲ့ စကစသတင်းပေးတွေနဲ့ လုပ်ချင်တိုင်းလုပ်နေကျတာ။ စစ်မှုထမ်းအတွက် အသက်အရွယ် သတ်မှတ်တာ၊ အရေအတွက်သတ်မှတ်တာက ရပ်ကွက်တစ်ခုနဲ့ တစ်ခုလည်းမတူဘူး။ မြို့ပေါ်မှာတော့ အငှားထည့်ဖို့ အလှူခံတယ်လို့ပြောတာပဲသတ်မှတ်နှုန်းထားနဲ့"ဟု ပြောသည်။

ဂွမြို့တွင် စစ်ကောင်စီကိုထောက်ခံသည့် စစ်မှုထမ်းဟောင်းများ၊ အုပ်ချုပ်ရေးမှူးများ နှင့် ပူးပေါင်းကာ ပြည်သူ့စစ်အနေနှင့် လိုလိုလားလားလှုပ်ရှားနေသူများရှိသလို အခြေအနေအရ မလွန်ဆန်နိုင်၍ သင်တန်း တက်ရောက်နေရသူများလည်း ရှိသည်ဟု သိရသည်။

ယခုကဲ့သို့ ရခိုင်တွင် စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူနေမှုများနှင့်ပတ်သက်၍ ရရာနည်းဖြင့်  ရုန်းထွက်ကြရန် ရက္ခိုင့်တပ်တော်(AA) ပြောခွင့်ရသူဦးခိုင်သုခက ရခိုင်လူငယ်များကို တိုက်တွန်းထားသည်။

"ပြဿနာက အိမ်ဝတင်မဟုတ် အိမ်ထဲထိတောင်ရောက်လာပြီ။ လူငယ်တွေစဉ်းစားရမှာ အကြမ်းဖက်စစ်ကောင်စီကအတင်းအကြပ် ဖမ်းဆီးပြီးစစ်သင်တန်းပေးတာကိုခံယူပြီးတော့ ကိုယ့်ပြည်သူ ကိုယ်ပြန်သတ်မလား။ လွတ်မြောက်တဲ့နယ်မြေထဲမှာ စစ်ကောင်စီကို အမြစ်ပြတ်တိုက်ခိုက်ရေးလုပ်နေကြတဲ့လူတွေနဲ့ပူးပေါင်းပြီးတော့မှ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တိုက်ခိုက်မလား။အဲ့ဒါမျိုးကတော့ စစ်မှုထမ်းဉပဒေနဲ့အကျိုးဝင်နေတဲ့လူတွေ စဉ်းစားရမှာဖြစ်တယ်။ အခုချိန်ကတော့ဒီလူတွေတစ်ခုခုကို ဆုံးဖြတ်မှရတော့မယ်အချိန်တန်ပြီလို့ ကျွန်တော်ထင်တယ်"ဟု ပြောသည်။

Most read this week

April 24, 2024
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း အမှတ်(၁)နယ်ခြားစောင့်ကွပ်ကဲရေးမှူးရုံး အခြေစိုက်ရာ...
April 24, 2024
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင်ပိတ်မိနေသည့် အပြစ်မဲ့ပြည်သူများကို လူမျိုးဘာသာမခွဲခြားဘဲ...
April 23, 2024
စစ်‌အာဏာသိမ်းပြီးနောက်  ရခိုင်ပြည်၊ အမ်း- ရိုးမရှိ တောင်စောက် ရေနံနှင့် သဘာ၀ဓာတ်ငွေ့...
April 23, 2024
အာရက္ခတပ်တော်( AA)၏ ခေါင်းဆောင်ပိုင်းမှ တာဝန်ရှိသူများ လူမျိုးရေး ဘာသာရေး ခွဲခြားသူများ မဟုတ်ဘဲ...