ဘူးသီးတောင်မှ အပြစ်မဲ့ပြည်သူများကို လူမျိုးဘာသာမခွဲခြားဘဲ ကူညီကာကွယ်ပေးမည်ဟု AA ပြော

ဘူးသီးတောင်မှ အပြစ်မဲ့ပြည်သူများကို လူမျိုးဘာသာမခွဲခြားဘဲ ကူညီကာကွယ်ပေးမည်ဟု AA ပြော

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင်ပိတ်မိနေသည့် အပြစ်မဲ့ပြည်သူများကို လူမျိုးဘာသာမခွဲခြားဘဲ ကူညီကာကွယ်ပေးမည်ဟု အာရက္ခတပ်တော်(AA) ပြောခွင့်ရ ဦးခိုင်သုခက နိရဉ္စရာသို့ ပြောသည်။

"အပြစ်မဲ့ပြည်သူတွေကိုတော့ ဘာသာလူမျိုးမခွဲခြားဘဲ တတ်နိုင်သမျှကူညီကာကွယ်ပေး သွားမှာဖြစ်ပါတယ်" ဟု ပြောသည်။

ဘူးသီးတောင်မြို့ ပတ်ပတ်လည်လည်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေပြီး ဘူးသီးတောင်မြို့ပေါ်တွင်လည်း နေအိမ်အများအပြား မီးရှို့ခံထားရကာ ဒေသခံ ပြည်သူလည်း ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။

ဦးခိုင်သုခက “ အခုလက်ရှိမှာ အာရက္ခပြည် ဘူးသီးတောင်၊ မောင်တောဒေသမှာ အကြမ်းဖက် စစ်ကောင်စီဟာ အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ ARSA, ARA နှင့် အခြားစွန်းရောက် မွတ်ဆလင်တွေကို သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးနေပါတယ်။ ဒီမွတ်ဆလင် အစွန်းရောက် အဖွဲ့တွေနဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့ဟာ ဘူးသီးတောင်မြို့ထဲက ရက္ခိုင်လူမျိုးတွေရဲ့ အိမ်တွေ၊ တခြား ဘာသာဝင်တွေရဲ့အိမ်တွေကို ဖောက်ထွင်းခိုးယူတာ မီးရှို့ဖျက်ဆီးတာတွေကို လုပ်ဆောင် နေပါတယ်။ ဒါဟာ မွတ်ဆလင်တွေနှင့် တခြားဘာသာဝင်တွေကြား လူမျိုးရေးဘာသာရေး ပဋိပက္ခ ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနှင့်ဖန်တီးနေတာဖြစ်ပါတယ်” ဟုလည်း ပြောဆိုသည်။

သို့သော်လည်း ယခုလုပ်ရပ်တွင် အေးချမ်းစွာနေထိုင်လိုသူ မွတ်ဆလင်များမပါဝင်ဘဲ သူတို့မှာလည်း ဘူးသီးတောင်မြို့ပေါ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကြောင့် ပိတ်မိနေသဖြင့် အေးချမ်းစွာနေလိုသည့် ပြည်သူများကို မည်သူကိုမဆို  လူမျိုးဘာသာမခွဲခြားဘဲ တတ်နိုင်သမျှ ကူညီကာကွယ်ပေးသွားမည်ဟု ဦးခိုင်သုခက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘူးသီးတောင်မြို့မှ ဟိန္ဒူ ဘာသာဝင်တစ်ဦးကလည်း ဘူးသီးတောင်မြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် စစ်တပ်က ထောက်ခံထားသည့် မွတ်ဆလင် အကြမ်းဖက်အဖွဲ့  ARSA နှင့် ARA တို့၏ မီးရှို့မှုကြောင့် ရခိုင်နှင့် ဟိန္ဒူဘာသာဝင်များ၏ နေအိမ်များ ထောင်နှင့်ချီပြီး မီးလောင် ဆုံးရှုံးသွားခဲ့ပြီဟု ပြောသည်။

"ဘူးသီးတောင်မှာ တော်တော်ကို ဆိုးနေတဲ့ အနေအထားပါ။ မြို့ပြင်မှာ အေအေတွေ ဝိုင်းထားပေမဲ့ မြို့ထဲမှာက စစ်တပ်နဲ့  စစ်တပ်က လက်နက်တပ်ဆင်ပေးထားတဲ့ အာဆာအဖွဲ့နဲ့ အပေါင်းအပါတွေ အများကြီးပါပဲ။ နောက်ပြီး မီးတိုက်မှု ဖြစ်စဉ်တွေမှာလည်း ရခိုင်အိမ်တွေ၊ ဟိန္ဒူတွေအိမ်ကို မီးရှို့ပြီး မွတ်ဆလင်အိမ်နဲ့ ကပ်နေရင် ကြိုပြီး မီးသတ်ကားနဲ့ မီးမကူးအောင် လုပ်ထားကြတယ်။ ဒါဟာ မွတ်ဆလင်မဟုတ်တဲ့ ဘူးသီးတောင် ဒေသခံတွေကိုပဲ ရည်ရွယ်ချက်နဲ့လုပ်မှန်း အရမ်းသိသာပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် ပိုပြီး ပြသနာကြီးထွားအောင်လုပ်နေပါတယ်။ နောက်ပြီး မြို့ထဲမှာ အိမ်စောင့် ကျန်သူတွေ၊ သက်ကြီးရွယ်အိုတွေပဲ ကျန်တာများတယ်။ ကျနော်တို့မှာကတော့ ဘယ်ကို ပြေးလို့ ဘယ်ကို ခိုလှုံရမယ်မှန်းမသိပါဘူး။ အရင်လို စစ်ရှောင်စခန်းတွေလည်း မရှိတော့ ကျနော်တို့ ဒီလိုပဲ နေကြရတဲ့ ဘဝပါ။ အမြန်ဆုံး ကျနော်တို့အတွက် လုံခြုံမှုပေးဖို့ လိုအပ်နေပါတယ်" ဟု ပြောသည်။

လူ့အခွင့်အရေးလှုပ်ရှားသူ ရိုနေဆန်းလွင်ကလည်း ဘူးသီးတောင်မြို့နယ်အတွင်း စစ်ကောင်စီက မွတ်ဆလင် ဒေသခံများအား အဓမ္မဖိအားပေးပြီး ခိုင်းစေနေခြင်းမှာ ရည်ရွယ်ချက် ၂ ခုဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ပြောကြားသည်။

"စစ်ဝတ်စုံတွေနဲ့ အိမ်တွေကိုဖျက်ဆီးတယ်၊ ဆိုင်တွေကိုဖျက်ဆီးတယ် အဲဒီလိုပုံစံမျိုးတော့ ကြားတယ်။ တကယ်လို့ ဒီဥစ္စာဖြစ်ခဲ့ရင်လည်း ဒါစစ်တပ်ကနေပြီး သူတို့ကိုသွင်းထားတာလည်း အတင်းအဓမ္မ သွင်းထားတယ်။ နောက်ပြီးတော့ စစ်တပ်ရဲ့ တကယ့် ရည်ရွယ်ချက်ကလည်း နှစ်ခုပါ။ တစ်ခုက ဘာလဲဆိုရင် လူသားဒိုင်းအနေနဲ့သုံးဖို့။ နောက်တစ်ခုက ဒီကွန်မျူနတီနှစ်ခုကြားမှာ ရခိုင်နဲ့ ရိုဟင်ဂျာတွေ ကြားမှာ ပြဿနာတက်လာဖို့ပေါ့နော်" ဟုပြောသည်။

ယခုကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မဟုတ်မှန်ကြောင်း ငြင်းဆိုထားသော်လည်း  သူ၏ ငြင်းဆိုချက်မှာ လက်တွေ့မြေပြင်ဖြစ်စဉ်နှင့် များစွာကွာခြားလျက် ရှိနေသည်ဟု ဒေသခံပြည်သူများက ပြောဆိုသည်။

ဦးခိုင်သုခကလည်း  “ ဇော်မင်းထွန်းရဲ့စွပ်စွဲပြောဆိုချက်က - ဒါကတော့ သူခိုးက လူပြန်ဟစ်တာ ဖြစ်တယ်ဗျ။ အကြမ်း‌ဖက် ဖက်ဆစ်စစ်ကောင်စီဟာ ရက္ခိုင်စစ်မျက်နှာမှာ သူတို့ရဲ့ရှုံးနိမ့်မှုတွေကို ဖုံးကွယ်ဖို့အတွက် ကြိုးစားတဲ့အခါတိုင်း ကျနော်တို့ အဖွဲ့အစည်း အပေါ်မှာ  ယုတ်ညံ့အောက်တန်းကျတဲ့ နိုင်ငံရေးအောက်လုံးတွေနှင့် တောက်လျှောက် တိုက်ခိုက်နေတာဖြစ်ပါတယ်။  လက်ရှိအခြေအနေမှာ အာရက္ခဒေသက တဆင့်ချင်းနယ်မြေ လက်လွှတ်ဆုတ်ခွါနေရတဲ့ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီဟာ အာရက္ခဒေသမှာ ဘာသာရေး လူမျိုးရေးပဋိပက္ခတွေ ဖန်တီးထားခဲ့ဖို့ ကောက်ကျစ်စဉ်းလဲစွာလုပ်ဆောင်နေတာတွေ့ရပါတယ်။ အခုလက်ရှိမှာ အာရက္ခပြည် ဘူးသီးတောင်၊ မောင်တောဒေသမှာ အကြမ်းဖက်စစ်ကောင်စီဟာ မူဆလင်ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ ARSA, ARA နှင့် အခြားစွန်းရောက်မူဆလင်တွေကို သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးနေပါတယ်” ဟု ပြောဆိုသည်။

Most read this week

May 1, 2024
ရခိုင်တွင် တိုက်ပွဲများပြင်းထန်နေချိန်တွင် တရုတ်လူမျိုး ၅၀၀ ခန့်သည် ကျောက်ဖြူမြို့သို့...
April 29, 2024
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ သူဌေးရေအားလျှပ်စစ်စီမံကိန်းအထဲကို တိုက်ပွဲထဲက လက်နက်ကြီး ကျည်တွေ...
April 24, 2024
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း အမှတ်(၁)နယ်ခြားစောင့်ကွပ်ကဲရေးမှူးရုံး အခြေစိုက်ရာ...