ထိုင်းမြန်မာနယ်စပ်တွေမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ ခပ်စိပ်စိပ်ဖမ်းဆီးခံနေရ

ထိုင်းမြန်မာနယ်စပ်တွေမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ ခပ်စိပ်စိပ်ဖမ်းဆီးခံနေရ

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ထိုင်းမြန်မာနယ်စပ်တွေမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသားရာနဲ့ချီ ခပ်စိပ်စိပ်ဖမ်းဆီးခံနေရတယ်လို့ ရွေ့ပြောင်းလုပ်သားအရေး အကူအညီပေးနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာ သိမ်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ရုတ်ချည်း အသက်သွင်းလိုက်တဲ့အတွက် လူငယ်လူရွယ်တွေဟာ နည်းအမျိုးမျိုးနဲ့ ပြည်ပနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။

အဲဒီထဲမှာ အိမ်နီးချင်း ထိုင်းနိုင်ငံထဲ တရားမဝင်နည်းလမ်းနဲ့ ဝင်ရောက်ဖို့ ကြိုးပမ်းကြတဲ့ မြန်မာ နိုင်ငံသားတွေဟာ ထိုင်း-မြန်မာနယ်စပ် ကော့သောင်း-ရနောင်းအပါအဝင် မြဝတီမြို့တစ်ဘက်ကမ်းရှိ တာ့ခ်ခရိုင်နဲ့ ဘုရားသုံးဆူနယ်စပ် ကန်ချနဘူရီပြည်နယ်တွေဘက်မှာ ဆက်တိုက်ဖမ်းဆီးခံနေရတာပါ။

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားအရေး အကူအညီပေးနေသူ ဦးအောင်ကျော်က စစ်မှုထမ်းဥပဒေကြောင့် အသက် ၁၈ နှစ်အထက် မြန်မာနိုင်ငံသားတွေဟာ အိမ်နီးချင်းထိုင်းနိုင်ငံကို ရတဲ့နည်းလမ်းနဲ့ နေ့စဉ်ဝင်‌ရောက်နေတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဖမ်းဆီးတွေ ခပ်စိပ်စိပ်ဖြစ်ပေါ်နေတယ်ဆိုတာ ကျွန်တော်တို့ ထိုင်းသတင်းတွေမှာလည်း မြင်တွေ့နေရပါတယ်။ သို့သော်ငြားလည်း အရေအတွက်အနေနဲ့ အတိအကျ ကျွန်တော်တို့လုပ်နိုင်ဖို့ အင်မတန်ခက်ခဲတယ်။ ဘာကြောင့်လဲဆို တချို့ဟာတွေက သတင်းထုတ်ပြန်ခြင်းမရှိဘဲနဲ့ ဖမ်းဆီးအရေးယူပြီး နယ်စပ်ပြန်ပို့တာရှိသလို တချို့ကိစ္စတွေက တရားဝင်ထုတ်ပြန်တာ မရှိတာပေါ့။ ကျွန် တော်တို့ အဓိကပျှမ်းမျှပဲ ပြောလို့ရတာက နေ့စဉ်ရက်ဆက် ရတဲ့နည်းလမ်းနဲ့ အိမ်နီးချင်းထိုင်းနိုင်ငံကို မြန်မာနိုင်ငံသားတွေက မတရားချမှတ်လိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းမှာ အသက် ၁၈ နှစ်အထက် လူငယ်မောင်မယ်တွေအားလုံး နေ့စဉ်ထိုင်းနိုင်ငံကို ဝင်ရောက်လာတယ်ဆိုတာ ထင်ထင်ရှားရှား တွေ့မြင်နေရပါတယ်”လို့ ဆိုပါတယ်။

မတ် ၂၂ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ကနေ ထိုင်းနိုင်ငံထဲကို တရားမဝင်နည်းလမ်းနဲ့ ခိုးဝင်လာသူ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၇ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်း ဆီးပြီး စံခလပူရီရဲ စခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မတ် ၁၉ ရက်နေ့ကလည်း ဘုရားသုံးဆူမြို့ကနေ ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်ထဲကို  ဝင်ရောက်ဖို့ ကြိုးပမ်းတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အယောက် ၁၀၀ ကျော်ကိုလည်း ထိုင်းရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်တို့က စစ်ဆေးရေးဂိတ်နဲ့ လမ်းခုလတ်တွေမှာ ဖမ်းဆီးရမိခဲ့ပါသေးတယ်။

ဖမ်းဆီးခံရသူတွေဟာ ထိုင်းအစိုးရရဲ့ လဝက ဥပဒေအရ ထောင်ချုပ်ထဲ ယာယီထားရှိပြီး လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ပြီးရင်တော့ ထိုင်းနိုင်ငံထဲ နောက်တစ်ကြိမ် ပြန်လည်ဝင်ရောက်ခွင့်မရှိတဲ့ သဘောနဲ့ မြန်မာဘက်ကို ပြန်လည်ပို့ဆောင်ပေးတာလို့ ဦးအောင်ကျော်က ပြောပြပါတယ်။

စစ်ကောင်စီကတော့ ပြုန်းတီးသွားတဲ့ စစ်သည်အင်အားကို ပြန်လည်ဖြည့်တင်းနိုင်ဖို့ တိုင်းနဲ့ ပြည် နယ်တွေမှာ စစ်မှုထမ်းအကျုံးဝင်သူတွေကို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက စာရင်းကောက်ယူတာနဲ့ မဲနှိုက်တာတွေလည်း ပြုလုပ်လာနေပါတယ်။

ဒီအခြေအနေမှာ နိုင်ငံအတွင်း ကျန်ရှိနေတဲ့ လူငယ်လူရွယ်တွေဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ရှောင်လွှဲနိုင်ဖို့ ထိုင်းအာဏာပိုင်တွေ လုံခြုံရေးတင်းကျပ် ဖမ်းဆီးမှုတွေ ရှိနေတဲ့ကြားက နယ်စပ်ဖြတ်ကျော်နိုင်ဖို့ ကြိုးပမ်းမှုတွေ မြင့်တက်လာနေတာပါ။

ဦးအောင်ကျော်ကတော့ စစ်ထမ်းမှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံထဲ ဝင်လာမယ့် မြန်မာလူငယ်တွေကို လူသားချင်းစာနာထောက်ထားပြီး နေထိုင်အလုပ်လုပ်ခွင့် တရားဝင်အထောက်အထားတွေ ပြု လုပ်ပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုထားတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့ International Women Day မတ်လ ၈ ရက်နေ့မှာ ထိုင်း အစိုးရကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ထိုင်းနိုင်ငံအတွင်း (စစ်ကောင်စီရဲ့ ) စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ဝင်လာမယ့် လူငယ်မျိုးဆက်သစ်တွေကို လူသားချင်းစာနာထောက်ထားပြီးမှ နေ ထိုင်ခွင့် ၊ ကာကွယ်စောင့်ရှောက်ပေးဖို့ နောက်တရားဝင်အထောက်အထားတွေ ပြုလုပ်ပေးပြီး အ လုပ်လုပ်ခွင့် လက်မှတ်တွေရဖို့ ကျွန်တော်တို့ တောင်းဆိုထားတာရှိပါတယ် ခင်ဗျ”လို့ ဆိုပါတယ်။

တစ်ဘက်မှာ ငွေကြေးတတ်နိုင်တဲ့ မြန်မာလူငယ်လူရွယ်တွေဟာ ထိုင်းနိုင်ငံကို တရားဝင်နည်းလမ်းနဲ့ သွားရောက်နိုင်ဖို့ သံရုံးမှာ ဗီဇာရက်ချိန်းလျှောက်ထားသူ များပြားလွန်းတာကြောင့် အွန်လိုင်းစနစ်နဲ့ လူကိုယ်တိုင်လျှောက်ထားမှုကို တစ်ရက်အယောက် ၂၀၀ စီသာ ရန်ကုန်ရှိ ထိုင်းသံရုံးက လက်ခံပေးနေတာ ဖြစ်ပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP – Myanmar ရဲ့ အစီရင်ခံစာအရ စစ်မှုထမ်းဥပဒေကြောင့် လူ ငယ်လူရွယ်တွေ အစုအလိုက်အပြုံအလိုက် ပြည်ပထွက်ခွာမှုနဲ့အတူ နိုင်ငံရဲ့ဖြစ်ထွန်းမှု လမ်း ကြောင်းတစ်ခုလုံး မျိုးဆက်နဲ့ ချီ အနုတ်လက္ခဏာအရွေ့ဖြစ်သွားနိုင်ခြေရှိတယ်လို့ သုံးသပ်ထားပါတယ်။

Most read this week

April 26, 2024
လူမြင်ကွင်းကနေ သုံးပတ်ကျော်ကြာ ပျောက်ကွယ်နေတဲ့ အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင်လည်းဖြစ်တဲ့...
April 25, 2024
ကရင်ပြည်နယ် မြဝတီမြို့ရှိ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားဝန်းကျင်တိုက်ပွဲအတွင်း...
April 25, 2024
မကွေးတိုင်းအတွင်းမှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်တာတွေမလုပ်တော့ဘဲ လူငယ်တွေကို...
April 25, 2024
ထိုင်း-မြန်မာနယ်စပ်တလျှောက် အခြေအနေကို တာဝန်ယူထားတဲ့ ထိုင်းအစိုးရကော်မတီက ဧပြီ ၂၃ ရက်နေ့က...