စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်က SME လုပ်ငန်းတွေ လည်ပတ်ဖို့ အခက်အခဲဖြစ်လာ

စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်က SME လုပ်ငန်းတွေ လည်ပတ်ဖို့ အခက်အခဲဖြစ်လာ

မွန်ပြည်နယ်မှာ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်တွေ ပြည်ပထွက်ခွာမှု မြင့်တက်လာတဲ့အတွက် SME လုပ်ငန်းတွေ ဆက်လက်လည်ပတ်ဖို့ အခက် အခဲဖြစ်လာတယ်လို့ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒေသတွင်းက အသေးစား၊ အလတ်စား SME လုပ်ငန်းအများစုမှာ လုပ်ကိုင်နေကြတဲ့ လူငယ်လူ ရွယ်တွေဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် လုပ်ငန်းခွင်တွေကနေစွန့်ခွာပြီး ပြည်ပနိုင်ငံတွေထံ အလုံးအရင်းနဲ့ ထွက်ခွာမှုတွေ ရှိလာခဲ့တာပါ။

လုပ်ငန်းခွင်စွန့်ခွာသွားတဲ့ လူငယ်လူရွယ်တွေဟာ စစ်မှုထမ်းဥပဒေမှာ အကြုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိတဲ့သူတွေ အများစုပါဝင်နေတာကြောင့် လုပ်ငန်းတွေ ဆက်လက်လည် ပတ်ဖို့ ထိခိုက်မှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။

အဲဒီထဲမှာ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်မှု၊ဝန်ဆောင်မှု၊ အထည်ချုပ်၊ သယ်ယူပို့ဆောင်ရေးအ ပါအဝင် အသေးစား၊ အလတ်စား လုပ်ငန်းတွေဟာ လုပ်ငန်းဆက်လက်လည်ပတ်ဖို့ အဆိုးဝါးဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

SME လုပ်ငန်းရှင်တစ်ဦးကတော့ စစ်မှုထမ်းဥပဒေ အသက်သွင်းပြီး တစ်လကျော်အတွင်းမှာပဲ လုပ် သား ၂၀ ရာခိုင်နှုန်းထက်မနည်း လျော့ကျသွားတဲ့အတွက် လုပ်ငန်းတွေ ရာနှုန်းပြည့် လည်ပတ်နိုင်ခြင်း မရှိတော့ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လုပ်ငန်းအနေနဲ့ ပြောရင်တော့ အခုလက်ရှိ ကျွန်တော်တို့ စက်ရုံအနေအထားကတော့ အနည်းဆုံး ၂၀ ရာခိုင် နှုန်းလောက်တော့လျော့တယ် အလုပ်သမားတွေလေ၊ သူတို့ ထွက်တယ်။ ထွက်တော့ကျ ထွက်တဲ့နေရာကို ကျွန်တော်တို့ အစားတော့ မရသေးဘူးပေါ့နော်။ စက်ရုံဆိုတာ အလုပ်သမားနဲ့ လည်ပတ်ရတဲ့ စက်ရုံလေ၊ ကျွန်တော်တို့ ဒီလုပ်သားတွေက မရှိဘဲနဲ့ ကျွန်တော်တို့က ဘယ်လိုမှလုပ်ငန်းကို ရာနှုန်းပြည့်လည်ပတ်လို့ မရနိုင်ဘူးပေါ့နော်”လို့ ဆိုပါတယ်။

သံလွင်တိုင်းမ်က SME လုပ်ငန်းရှင်တွေကို ဆက်သွယ်မေးမြန်းမှုအရ တချို့လုပ်ငန်းတွေမှာဆိုရင် စစ်မှုထမ်းဥပဒေကြောင့် အနည်းဆုံး လုပ်သားထွက်ခွာမှု ၂၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့သိရပြီး တချို့ လုပ်ငန်းရှင်တွေဟာ လုံးဝရပ်နားရမယ့် အခြေအနေနဲ့ ကြုံနေရတာပါ။

SME လုပ်ငန်းရှင်တစ်ဦးကတော့ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးလာတဲ့အတွက် ကျောင်းမနေတော့တဲ့ ကလေးတွေနဲ့ အသက်ကြီးပိုင်းတွေကို အသုံးပြုနေရတဲ့အတွက် ထုတ်လုပ်မှုကျဆင်းလာတယ်လို့ ပြောပါတယ်။

“အဓိက ရင်ဆိုင်ရတာကတော့ လုပ်သားရှားပါးမှု ပြဿနာပေါ့။ လုပ်သားရှားပါးပြီးတော့ လုပ် ကွက်တွေ နှောင့်နှေးတာပေါ့။ လူငယ်တွေမရှိတော့ ဒီနောက်ပိုင်းက အခြေခံကျောင်းတွေ ဆက်မတက်တော့တဲ့ ကလေးတွေ၊ အသက်ကြီးတဲ့လူတွေနဲ့ အဲဒီလိုမျိုးပဲရှိတဲ့ လူနဲ့အဆင်ပြေအောင်တော့ လုပ်နေရတာပေါ့။ လက်ရှိကတော့ တစ်နေ့ကို အခု ၁၀၀ လောက် ထုတ်မယ်ဆိုရင်တော့ အခုက တော့ ၆၀ ဝန်းကျင်လောက်ပဲ ထွက်တော့တယ်ပေါ့”လို့ ဆိုပါတယ်။

အခုလို လူငယ်လူရွယ်တွေ ဒေသတွင်းက လုပ်ငန်းတွေကို စွန့်ခွာပြီး နီးစပ်ရာနိုင်ငံတွေကို ထွက်ခွာသွားကြတာကြောင့် မကြာခင်ကာလအတွင်း ကျွမ်းကျင်လုပ်သားရှားပါးတဲ့ ပြဿနာကို အကြီးအ ကျယ် ရင်ဆိုင်ရနိုင်သလို အတတ်ပညာရှင်တွေပါ ရှားပါးလာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေတာပါ။

စစ်ကောင်စီရဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ အသေးစား၊ အလတ်စား SME လုပ်ငန်းပေါင်း ၂၀၀၀၀ ထက်မနည်းရှိနေပြီး အဲဒီလုပ်ငန်းတွေအပေါ် မှီခိုရပ်တည်နေရတဲ့ အလုပ်သမားသိန်းနဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။

တဖက်မှာတော့ SME လုပ်ငန်းတွေဟာ အာဏာသိမ်းကာလအတွင်း လျှပ်စစ်မီးဆိုးရွားစွာ ပြတ် လပ်မှုနဲ့အတူ စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာတာ၊ သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ ကုန် ကြမ်းပစ္စည်းဈေးနှုန်း ကြီးမြင့်နေတာကြောင့် လုပ်ငန်းတွေလည်ပတ်ဖို့ အခက်ကြုံနေရတာပါ။

သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP-Myanmar အစီရင်ခံစာအရ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံဖြစ်ထွန်းမှု လမ်းကြောင်းတစ်ခုလုံး မျိုးဆက်နဲ့ချီ အနုတ်လက္ခဏာ အရွေ့ဖြစ်သွားနိုင်ခြေရှိတယ်လို့ သုံးသပ်ထားပါတယ်။

Most read this week

April 26, 2024
လူမြင်ကွင်းကနေ သုံးပတ်ကျော်ကြာ ပျောက်ကွယ်နေတဲ့ အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင်လည်းဖြစ်တဲ့...
April 25, 2024
ကရင်ပြည်နယ် မြဝတီမြို့ရှိ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားဝန်းကျင်တိုက်ပွဲအတွင်း...
April 25, 2024
မကွေးတိုင်းအတွင်းမှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်တာတွေမလုပ်တော့ဘဲ လူငယ်တွေကို...
April 25, 2024
ထိုင်း-မြန်မာနယ်စပ်တလျှောက် အခြေအနေကို တာဝန်ယူထားတဲ့ ထိုင်းအစိုးရကော်မတီက ဧပြီ ၂၃ ရက်နေ့က...