သင်္ဃန်းညီနောင်မကျရေး စစ်ကောင်စီ လေကြောင်းနဲ့အပြင်းအထန် ခုခံနေ

သင်္ဃန်းညီနောင်မကျရေး စစ်ကောင်စီ လေကြောင်းနဲ့အပြင်းအထန် ခုခံနေ

နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ သင်္ဃန်းညီနောင်ဒေသ မကျရေးအတွက် စစ်ကောင်စီတပ်ကနေ လေ ယာဉ်ဗုံးကြဲတိုက်ခိုက်မှုတွေအပြင် အတွဲလိုက်ပစ်ဒုံးပစ်ခတ်မှုတွေ နေ့စဉ်ရက်ဆက် အပြင်းအထန် လုပ်ဆောင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေအရ သိရပါတယ်။

သင်္ဃန်းညီနောင်တိုက်ပွဲ ၅ ရက်မြောက်နေ့မှာ KNLA တော်လှန်ရေးအင်အားစုတွေ လအတော်အကြာ သိမ်းပိုက်ထိန်းချုပ်ထားခဲ့တဲ့ မြဝတီမြို့အနီးက လက်ခတ်တောင်ဘက်ကို မတ် ၁၁ ရက် မနက် ၁ နာရီအချိန်ခန့်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး မြေပြင်ကနေလည်း လက်နက်ကြီး၊ အတွဲလိုက်ဒုံးစတာတွေ ပစ်ခတ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။

မတ် ၁၁ ရက်နေ့ မနက်အစောပိုင်းကစလို့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေဟာ အရင်ရက်တွေက ပစ်ခတ်တိုက်ခိုက်မှုတွေထက် ပိုမိုပြင်းထန်နေပြီး မြဝတီမြို့နဲ့ မဲဆောက်မြို့ကအထိပါ ဗုံးကျရောက်ပေါက်ကွဲသံ ကျယ်လောင်စွာ ကြားနေခဲ့ရသလို အိမ်တွေပါ တုန်ခါသွားခဲ့တယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် မတ် ၁၁ နေ့လည် ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်မှာလည်း စစ်ရေးပြင်းထန်နေတဲ့ သင်္ဃန်းညီနောင် ဒေသထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု  ဆက်လက်ပြုလုပ်နေပြီး တိုက် ခိုက်မှုတွေအတွင်း ထိခိုက်မှုကိုတော့ လက်ရှိအချိန်မှာ မသိရသေးဘူးလို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

သင်္ဃန်းညီနောင်တိုက်ပွဲအတွင်း အထိနာပြီး တပ်ရင်းစခန်းလက်လွှတ်ဆုံးရှုံးခဲ့ရသလို စစ်ဗျူဟာကုန်းအထိ တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီတပ်ဟာ စစ်ဗျူဟာနဲ့ တပ်ရင်းတွေ မကျရေးအတွက် လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်တရစပ် အပြင်းအထန်တိုက်ခိုက်နေပြီး ဘားအံအခြေစိုက်တပ်မ ၂၂ ဌာနချုပ်ကနေ မြဝတီမြို့ကို ရဟတ်ယာဉ်နဲ့ တပ်အင်အားတွေ ပို့ဆောင်နေတယ်လို့ သိရပါတယ်။

ဘားအံကနေတစ်ဆင့် တပ်အင်အားတွေ ဖြည့်ဆည်းမှုဟာ သင်္ဃန်းညီနောင် စစ်ဗျူဟာမကျရေးအတွက် ဖြစ်နိုင်သလို မြဝတီမြို့ကို ကာကွယ်ဖို့အတွက်လည်း ဖြစ်နိုင်တယ်လို့ နယ်မြေစစ်ရေးအခြေအနေသိရှိသူတွေက ပြောဆိုပါတယ်။

၅ ရက်တာတိုက်ပွဲအတွင်း KNLA တော်လှန်ရေးအင်အားစုအဖွဲ့က စစ်ကောင်စီတပ်ရဲ့ ခမရ ၃၅၅ တပ်ရင်းနဲ့ သင်္ဃန်းညီနောင်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး လက်ရှိမှာလည်း ခမရ ၃၅၇ တပ်ရင်းနဲ့ ဗျူဟာကုန်းကို ဆက်လက်တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

သင်္ဃန်းညီနောင်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့သက်ကြီးရွယ်အိုတွေအပါအဝင် အရပ်သားပြည်သူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သလို ပြည်သူထောင်ချီ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ အာရှလမ်းမပေါ်မှာ တည်ရှိနေတဲ့ သင်္ဃန်းညီနောင်ကျေးရွာဟာ နယ်စပ်မြို့တွေဖြစ်ကြတဲ့ မြဝတီ၊ မဲဆောက်မြို့တွေနဲ့ သိပ်မဝေးလှသလို တိုက်ပွဲဂယက်ကြောင့် ထိုင်းစစ်တပ်က နယ်စပ်စည်းမျဉ်းလုံခြုံရေးကို တိုးမြှင့်ချထားနေတယ်လို့ ထိုင်းအာဏာပိုင်တွေရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Most read this week

May 18, 2024
သျှမ်းတောင်၊ ရွာငံမြို့နယ်တွင်ကျေးရွာ ဥက္ကဌ အပါအဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီးတစ်ဦးကို...
May 17, 2024
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည်တွေကြောင့်...
May 17, 2024
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် မပေါက်ကွဲသည့် ဗုံးကို သွားရောက်ထိမိရာမှ...
May 16, 2024
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် ကရင်နီဘက်မှရောက်ရှိလာသည့် စစ်ရှောင်များ...