ကလေးမြို့ကနေ အိန္ဒိယ-မြန်မာနယ်စပ်ဘက်ကို စစ်ဘေးရှောင်ဖို့ သွားတဲ့ကားတစ်စီး ယမန်နေ့ မတ်လ (၆)ရက်နေ့က ယာဉ်တိမ်းမှောက်မှုဖြစ်ခဲ့ပြီး ၂ ဦးသေဆုံးကာ၊ ယာဉ်ပေါ်စီးနှင်းပါလာသူ အားလုံးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်တွေကို သယ်လာတဲ့ ပေါင်မှန့်ကားတစ်စီးဟာ တီးတိန်မြို့နယ် လမ်ဇန်းကျေးရွာအနားမှာ တိမ်းမှောက်မှု ဖြစ်ခဲ့ပြီး ၂ ဦးသေဆုံးရသလို ကလေး (၅) ဦးအပါဝင် ယာဉ်ပေါ်စီးနှင်းလိုက်ပါသူ အားလုံးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ကလေး ၅ ယောက်အပါအဝင် ထိခိုက်ဒဏ်ရာရတဲ့ သူတွေကို တီးတိန်မြို့ ပြည်သူ့ဆေးရုံကို ချက်ချင်းပို့ဆောင်ခဲ့တယ်လို့ သိရပြီး သေဆုံးသူ (၂) ဦးကိုတော့ ဇာတိကလေးမှာ သဂြိုလ်သွားမယ်လို့လည်း သိရပါတယ်။
ကလေးမြို့ပတ်ဝန်းကျင်နဲ့ ကလေးမြို့အတွင်းကို စစ်ရေးအရှိန်အဟုန် တိုးမြင့်တိုက်ခိုက်မှာ ဖြစ်လို့ ပြည်သူတွေရှောင်ကြဖို့ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ကလေးမြို့အတွင်း ဒေသခံတချို့က တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားလာမှာကို စိုးရိမ်ကြပြီး နီးစပ်ရာတွေကို ထွက်ပြေးတိမ်းရှောင်ကြသလို အိန္ဒိယနယ်စပ်ဘက်ကိုလည်းထွက်ပြေးတိမ်းရှောင်ကြပါတယ်။