စစ်မှုထမ်းဥပဒေကြောင့် ချောက်ကမ်းပါးဆိုက်လာတဲ့ မြန်မာလုပ်ငန်းခွင်တွေ

စစ်မှုထမ်းဥပဒေကြောင့် ချောက်ကမ်းပါးဆိုက်လာတဲ့ မြန်မာလုပ်ငန်းခွင်တွေ
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

အရေးမလှဖြစ်နေတဲ့ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်တွေ အလုံးအရင်းနဲ့ ပြည်ပထွက်ခွာမှု မြင့်တက်လာတဲ့အတွက် လုပ်ငန်အများစု ရပ်နားရမယ့် ကိန်းဆိုက်လာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက တစ်ညီတစ်ညွတ်တည်း ပြောဆိုလာပါတယ်။

အရွယ်ရောက်ပြီးသာ နိုင်ငံသားတိုင်း မဖြစ်မနေစစ်မှုထမ်းဆောင်ရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကစပြီး အာဏာတည်စေရမယ်လို့ အာဏာသိမ်းစစ်ကောင်စီက ကြေညာလိုက်ပါတယ်။

အဲဒီဥပဒေအရ အမျိုးသားဟာ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ၊ အမျိုးသမီးဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ မဖြစ်မနေ စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်တွေဟာ ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေကို တရား ဝင် လမ်းကြောင်းတွေအပြင် တရားမဝင်နယ်စပ်ဖြတ်ကျော် လမ်းကြောင်းတွေမှတဆင့် အလုံးအ ရင်းနဲ့ ပြည်ပထွက်ခွာမှုတွေ ရှိလာခဲ့တာပါ။

လူရွယ်လူငယ်တွေ ပြည်ပထွက်ခွာမှု မြင့်တက်လာတဲ့အတွက် အထည်ချုပ်၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ သွင်းကုန်ထုတ်ကုန်အပါအဝင် ဝန်ဆောင်မှုလုပ်ငန်းတွေအပေါ် သက်ရောက်မှု ကြီးမားလာနေသလို အလုပ်သမားရှားပါးမှုပြဿနာကို အကြီးအကျယ် ရင်ဆိုင်လာရတာပါ။

ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးကတော့ စစ်မှုထမ်းဥပဒေကြောင့် အလုပ်သမားအများစု ပြည် ပထွက်ခွာသွားတာ၊ ကျန်ရှိတဲ့အလုပ်သမားတွေကလည်း ပြည်ပထွက်ခွာဖို့ ပြင်ဆင်နေကြတဲ့အ တွက် လုပ်ငန်းတွေ ရပ်နားရမယ့် အခြေအနေနဲ့ ကြုံနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုဟာက မီးကလည်းမရှိဘူး။ ဈေးနှုန်းတွေကလည်း တက်တယ်။ ဝန်ထမ်းပါမရှိတော့ဘူးဆိုရင် ကျွန်တော်တို့ ဆက်ရပ်လို့လည်းမရဘူး။ တကယ်လို့ တစ်ခုခုဖြစ်ရင် ကျွန်တော်တော့ စိုးရိမ်တယ်။ အလုပ်လည်း ရပ်ပေါ့လေ။ လူမရှိတော့လည်း သူများဖြစ်သလို ကိုယ်လည်းဖြစ်မှာပေါ့လေ။ လူတွေပြေးတော့ သူတို့လည်းပြေးတော့ ကိုယ်လည်းအလုပ်မရှိပေါ့။ ဘယ်လိုလုပ်မလဲ”လို့ ဆိုပါတယ်။

သုတေသနအဖွဲ့ဖြစ်တဲ့ ISP Myanmar ကတော့ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံရဲ့ ဖြစ်ထွန်းမှုလမ်းကြောင်းတစ်ခုလုံး မျိုးဆက်နဲ့ချီ အနုတ်လက္ခဏာအရွှေ့ ဖြစ်သွားနိုင်ခြေရှိတယ်လို့ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ဥပဒေမဲ့ စစ်မှုထမ်းဖို့ စုဆောင်းမှုတွေ ရှိလာနိုင်တဲ့အတွက် နိုင်ငံ့ဖွံ့ဖြိုးတိုး တက်မှုနဲ့ ထုတ်လုပ်မှုတွေအတွက် စွန့်လွှတ်ရမယ့် တန်ဖိုးကြီးမားနိုင်တယ်လို့ ISP Myanmar က သတိပေးထားပါတယ်။

သံလွင်တိုင်းမ်ရဲ့ စုံစမ်းမေးမြန်းမှုတွေအရ စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် လူ ၁၀ ဦး ရှိတဲ့ လုပ်ငန်းခွင်တွေမှာ အနည်းဆုံး လူ ၃ ဦးကနေ ၅ ဦးအထိ ပြည်ပထွက်ခွာသွားတာ၊ ပြည်ပထွက်ခွာဖို့ ကြိုးပမ်းမှုတွေ ရှိနေရတယ်လို့ သိရပါတယ်။

SME လုပ်ငန်းရှင် တစ်ဦးကလည်း စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးမှုအပါအဝင် ကုန်ထုတ်မှုတွေ သိသိသာသာ ကျဆင်းလာနိုင်တဲ့အတွက် တိုင်းပြည်ဝင်ငွေတွေအပြင် ပညာရှင်တွေပါ ဆုံးရှုံးလာနိုင်တယ်လို့ ပြောပါတယ်။

“တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာကျတော့ ဒီလူငယ်တွေကပဲ ဦးဆောင်ပြီးလုပ်ရတဲ့အပိုင်းတွေ များတယ်လေ။ အရွယ်ရောက်ပြီးသူ ဒီ ၃၅ နှစ်ကြားသည် တိုင်းပြည်ကို တကယ်အကျိုးပြုတဲ့ အရွယ်တွေလည်း ဖြစ်သလို ဒီGDPကိုလည်း မြှင့်ပေးမယ့်အရွယ်တွေလေ။ အဲဒီတော့ ဒီလူတွေက ဆိုကြပါစို့။ တိုင်းပြည်ရဲ့ ပြင်ပကို ရောက်သွားတာတွေ၊ တခြားဧရိယာထဲတွေ ရောက်သွားတာတွေဖြစ်တဲ့အတွက်ကြောင့် တိုင်းပြည်ရဲ့ ဝင်ငွေလည်းလျော့မယ်။ ဝန်ထမ်းစွမ်းအားတွေ ကျသွားတဲ့အတွက် လူသားအရင်းအမြစ်ဆုံးမယ်။ တကယ်ပညာရှင် ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တာပေါ့”လို့ ဆိုပါတယ်။

စီးပွားရေးပညာရှင်တွေကလည်း စစ်မှုထမ်းဥပဒေကြောင့် တိုင်းပြည်မှာ ထုတ်လုပ်မှုတန်းဖိုး ဆိုးဆိုးဝါးဝါးကျဆင်းလာနိုင်ပြီး စီးပွားရေးကျဆင်းမှုကို ရင်ဆိုင်နေရတဲ့ နိုင်ငံဟာ ဘက်ပေါင်းစုံ အနုတ် လက္ခဏာအထိ ရောက်သွားနိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ စစ်မှုထမ်းဥပဒေကြေညာပြီး နှစ်ပတ်အ တွင်း ထိုင်းနိုင်ငံသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူ ၇၀၀၀ ကျော်အထိ ရှိလာတယ်လို့ သိရပါတယ်။

အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတစ်ဦးကလည်း စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူ ရွယ်တွေဟာ စိုးရိမ်မှုတွေကြောင့် ပြည်ပထွက်ခွာမှုနှုန်းမြင့်တက်လာမှုနဲ့အတူ ရင်းနှီးမြှုပ်နှံမှု လုပ် ငန်းတွေပါ ရပ်နားလာနိုင်တဲ့ အတွက် အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးမှုအများကြီး ဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ်တာပါ။

“ဒါစစ်မှုထမ်းဥပဒေ ထွက်ပေါ်လာတဲ့ အခါကျတော့ ဒါအရွယ်ကောင်းတွေပေါ့နော်။ စိုးရိမ်မှုတွေဖြစ်တယ်။ ပြည်တွင်းရေး မတည်ငြိမ်ဘူး။ စစ်ပွဲတွေဖြစ်နေတဲ့ကာလမှာ ဒီဥပဒေကို သက်ဝင်ကျင့် သုံးမယ်ဆိုတော့ စိုးရိမ်မှုတွေ အများကြီးဖြစ်ပြီးတော့ ထွက်တဲ့နှုန်းတွေ အများကြီးဖြစ်လာတယ်။ ရှေ့လျှောက် လုပ်သားဆုံးရှုံးမှုတွေပိုပြီး ဖြစ်လာနိုင်တယ်။ တဖက်ကလည်း ဥရောပနိုင်ငံတွေကနေပြီးတော့ ကျွန်တော်တို့တိုင်းပြည်ကို ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ အထူးကုန်သွယ်မှုအခွင့်အရေးတွေ ပေးထားတယ်။ ပေးထားတဲ့အခါကျတော့ ဒီကုန်သွယ်ခွင့် အခွင့်အရေးတွေကိုပါ ပြန်ထိလာမှာလားဆိုတဲ့ ဟာလည်းရှိတယ်ဗျ။ အဲဒီလိုထိမယ်ဆိုရင်တော့ လုပ်ငန်းတွေပါ တချို့ရပ်သွားမှာပေါ့။ ရင်းနှီးမြှုပ်နှံမှုတွေ ရပ်သွားမယ်ဆိုရင် လုပ်သားဆုံးရှုံးမှုတွေ အလုပ်အကိုင်ဆုံးရှုံးမှုတွေက အများကြီး ဖြစ်သွားနိုင်တယ်ပေါ့”လို့ ဆိုပါတယ်။

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၁၀ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုမထမ်းဆောင်ဖို့ ကြိုးပမ်းသူတွေဟာ အနည်းဆုံး ထောင်ဒဏ်တစ်နှစ်ကနေ ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ ပြည်သူတွေကို စစ်မှုထမ်းခိုင်းဖို့အတွက် ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့တွေကို ဗဟိုအဆင့်အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဖွဲ့စည်းထားပြီး ခရိုင်၊မြို့ နယ်နဲ့ရပ်ကျေးအဆင့်ထိ အမြန်ဆုံးဖွဲ့စည်းဖို့ ဖိအားပေးထားပါတယ်။

စစ်ကောင်စီကတော့ ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁)ကို လာမယ့်သင်္ကြန်အပြီးမှာ စတင်သွားမှာ ဖြစ်ပြီး အပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ နှုန်း၊ တစ်နှစ် လူပေါင်း ၆၀၀၀၀ စစ်မှုထမ်းဖို့ ဆင့်ခေါ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Most read this week

May 17, 2024
တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့ တနင်္သာရီတိုင်းမှာ စစ်ရှောင်ဒုက္ခသည် အရေအတွက် ၆၀၀၀၀ ဝန်းကျင်အထိ...
May 17, 2024
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ...
May 16, 2024
နိုင်ငံတဝန်းမှာ တစ်ပတ်အတွင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နဲ့...
May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...