ရှမ်းတောင် ၊ ကရင်နီနယ်စပ် စစ်ရှောင်အချို့ မြေငှားနေထိုင်နေရ

ရှမ်းတောင် ၊ ကရင်နီနယ်စပ် စစ်ရှောင်အချို့ မြေငှားနေထိုင်နေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်နီနယ်စပ်ရှိ စစ်ဘေးရှောင်ပြည်သူအချို့သည် ၎င်းတို့ ယာယီခို လှုံနေထိုင်ရာ မြေနေရာများကို မြေငှားခပေးဆောင်ပြီး နေထိုင်နေကြရကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

အဆိုပါ ဒေသတွင် ယခင်တိုက်ပွဲစတင်ဖြစ်ပွားစဉ်အခါက တိမ်းရှောင်လာသည့် ပြည်သူများကို နယ်မြေခံ မြေယာပိုင်ရှင်များက အခမဲ့ပေးနေရာမှ လက်ရှိတွင် နှစ်ဖက်တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်းနှင့် စစ်ကောင်စီတပ်၏ ကျေးရွာများထဲသို့ လေကြောင်းမှတစ်ဆင့်ဗုံးကြဲတိုက်ခိုက်ပြုလုပ်ခြင်းကြောင့် စစ် ရှောင်ဦးရေ များလာပြီး နေစရာ အခက်အခဲများကြောင့် စစ်ရှောင်အချို့မှာ မြေငှားရမ်း နေထိုင်ကြရကြောင်း  ၎င်းစစ်ရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

၎င်းက “အရင်တော်လှန်ရေးတိုက်ပွဲစဖြစ်တုန်းကဆိုရင် တချို့တွေက သူတို့ပိုင်တဲ့မြေတွေကို အခမဲ့ ပေးပြီးတော့ စစ်ရှောင်တွေကိုပေးနေကြတယ်။ တဖြည်းဖြည်းနဲ့ စစ်ရှောင်တွေက တအားများ လာတဲ့ အခါကျတော့ နေရာမရှိ သွားစရာမရှိတော့ တချို့နေရာတွေမှာ တစ်လကို ၂ သောင်းတို့ ၃ သောင်းတို့နဲ့ ပေးနေရတာတွေလည်းရှိတယ်။ တချို့တွေက မြေ ၁၀ ဧကလောက်ဝယ်လိုက်ပြီးတော့ အဲ့နေရာမှာ စစ်ရှောင်တွေလာနေလို့ ရပါတယ်ဆိုပြီးတော့ ခေါ်တဲ့သူတွေလည်းရှိတယ်” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ စစ်ရှောင်နယ်မြေအတွင်းရှိ ချယ်ရီကုန်းစျေးတန်းတွင်လည်း ယခင်ကစစ်ဘေးရှောင် ပြည်သူ များကို အခမဲ့နေထိုင်ခွင့်ရကြသော်လည်း လက်ရှိတွင်မြေနေရာနှင့်ဆိုင်ခန်းတစ်ခန်းကို ကျပ်ငွေ သုံးသိန်း အထိပေါက်စျေးရှိနေပြီးဖြစ်ကြောင်း ၎င်းစစ်ဘေးရှောင်ကူညီနေသူက ကေအိုင်စီသို့ ဖြည့်စွက်ပြောသည်။

“အခုက ဘယ်လိုလဲဆိုရင် စစ်ရှောင်တွေအားကိုးအားထားရတဲ့စျေးတန်းကြီးလည်းဖြစ်သွားရော၊ တစ်လကို မြေနေရာတင် ဆိုင်ခန်းငှားခတင် ၃ သိန်း ၂ သိန်းခွဲ ၄ သိန်းအဲ့လိုတွေဖြစ်ကုန်ပြီး။ စစ်ရှောင် တွေ အားကိုးအားထားတဲ့ချယ်ရီကုန်းစျေးတန်းကြီးဆိုရင် နေရာကအမျိုးမျိုးရှိတယ်။ အမျိုးမျိုးကို ကွဲပြားနေကြတယ်” ဟု ပြောသည်။

ထိုသို့ မြေနေရာငှားခပေးဆောင်ကြရသည့် စစ်ဘေးရှောင် ပြည်သူများမှာ မိုးဗြဲ၊ လွိုင်ကော် နှင့် ဖယ်ခုံ ဘက်မှဖြစ်ကြပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူများ၏ နေအိမ်ထိခိုက်ပျက်စီးမှုများလည်းရှိခဲ့သည်ဟု သက်ဆိုင်ရာတော်လှန်ရေး တပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ထားသည်။

ထို့အတူ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် စစ်ဘေးရှောင် စုစုပေါင်းတစ်သိန်းကျော်အထိရှိနေပြီး စစ်ရှောင်စခန်းများအနီးရှိ ချောင်း၊ မြောင်းများတွင် ရေခမ်းခြောက်လာသဖြင့် သောက်သုံးရေ ရှားပါးလာပြီး ရေကိုဝယ်ယူသုံးစွဲနေရကြောင်းလည်း စစ်ဘေးရှောင်ကူညီသူထံမှ သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်တာ ကာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီ (ကယား)ပြည်နယ်အတွင်း အရပ်သားပြည်သူ စုစုပေါင်း (၄၅၇)ဦး သေဆုံးခဲ့ရကြောင်းလည်း တိုးတက် သည့် ကရင်နီပြည်သူ့ အင်အားစု (PKPF)က ယခုနှစ်ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ထုတ်ပြန် ထားသည်။

အလားတူ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် မြလဲကျေးရွာအုပ်စု၊ ဒေါဆီအီကျေးရွာရှိ စစ်ရှောင်က လေး ငယ်များ ပညာသင်ကြားနေသည့် စာသင်ကျောင်းကို ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် (၁၀) နာရီဝန်း ကျင်တွင် စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၅၀၀) ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့မှု လုပ်ဆောင် သောကြောင့် ကလေးငယ် ၄ ဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိသည်ဟု Karenni Nationalities Defense Force-KNDF က ထုတ်ပြန်ထားသည်။

Photo : SHRF
May 20, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်သည့် ရှမ်း-တရုတ်နယ်စပ်၊...
May 19, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်း ကွမ်းသီးခြောက် ဝယ်လိုအားနှင့်...
May 18, 2026
စစ်အုပ်စုသတ်မှတ်ထားသည့် စက်သုံးဆီရောင်းချမှုစနစ်နှင့် မှောင်ခိုလောင်စာဆီဈေးကွက်တွင် ဆီဈေး နှစ်ဆ...
May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...