အာဏာသိမ်းသုံးနှစ်ပြည့်ကစလို့ ပြည်တွင်းစစ်မီး ပိုမိုပြင်းထန်လာနိုင်

အာဏာသိမ်းသုံးနှစ်ပြည့်ကစလို့ ပြည်တွင်းစစ်မီး ပိုမိုပြင်းထန်လာနိုင်

အာဏာသိမ်းမှု သုံးနှစ်ပြည့်လာချိန်မှာ စစ်ကောင်စီနဲ့ လက်နက်ကိုင်တော်လှန်‌ရေးအဖွဲ့အစည်းတွေရဲ့ မပြောင်းလဲတဲ့ ရပ်တည်ချက်ကြောင့် ပြည်တွင်းစစ်တိုက်ပွဲအရှိန်အဟုန် ပိုမိုပြင်းထန်လာနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ တော်လှန်တိုက်ပွဲဝင်နေကြတဲ့ NUG အပါအဝင် EAO တွေဖြစ်တဲ့ ကရင်အဖွဲ့ KNU ၊ ချင်းအဖွဲ့ CNF ၊ ကရင်နီအဖွဲ့ KNPP တို့က ဇန်နဝါရီ ၃၁ ရက်နေ့မှာ ဘုံသဘောထားရပ်တည်ချက်တွေ ထုတ်ပြန်လာတာပါ။

အဲဒီထဲမှာ စစ်အာဏာသိမ်းမှုကိုဖယ်ရှားပြီး မြန်မာစစ်တပ်ရဲ့ နိုင်ငံရေးမှာပါဝင်နေတာကို အဆုံး သတ်ဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းဖို့နဲ့ အဲဒီဥပဒေကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ဖို့ဆိုတဲ့ နိုင်ငံရေးရပ်တည်ချက်တွေ ဖြစ်ပါတယ်။

စစ်ကောင်စီကလည်း ဇန်နဝါရီ ၃၁ ရက်နေ့မှာ ခေါ်ယူတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ တည်ငြိမ်အေးချမ်းတဲ့ သာမန်အနေအထားရောက်အောင် လိုအပ်ချက်နဲ့ လုပ်ဆောင်ရမယ့် အချက်တွေကို အရှိန်အဟုန်မပျက် ဆက်လုပ်နိုင်ဖို့ သက်တမ်း ၆ လ ထပ်မံတိုးမြှင့်ခဲ့ပါတယ်။

စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က နှစ်ဖက်လုံးက သဘောထားမပြောင်းတဲ့အ တွက် မြန်မာ့အရေးဟာ ငြိမ်းချမ်းတဲ့ဆွေးနွေးပွဲ ဖြစ်မလာဘဲ တိုက်ပွဲအရှိန် ပြင်းထန်လာလိမ့်မယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“နှစ်ဖက်လုံးက သဘောထားမပြောင်းတဲ့အတွက် မင်းအောင်လှိုင်ကလည်း ဆက်ပြီးအကြမ်းဖက်လိမ့်မယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကလည်း NUG နဲ့ ပူးပေါင်းပြီးတော့ စစ်ကောင် စီဖြုတ်ချရေးတိုက်ပွဲကို ဆင်နွှဲသွားမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် မြန်မာပြည်ရဲ့ အခြေအနေဟာ အေးချမ်းတည်ငြိမ်တဲ့ ငြိမ်းချမ်းတဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာစရာအကြောင်းမရှိဘဲနဲ့ တိုက်ပွဲအရှိန်အ ဟုန်တွေ ပြင်းထန်မြင့်မားလာလိမ့်မယ်”လို့ ဆိုပါတယ်။

တော်လှန်ရေးအဖွဲ့တွေဘက်က မြန်မာစစ်တပ်တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံရေးဦးတည်ချက် ၆ ရပ်ကို လက်ခံလာရင် စစ်အာဏာသိမ်းမှု အဆုံးသတ်ဖို့နဲ့ အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်တွေအတွက်ဆွေးနွေးဖို့ လုပ်ငန်းစဉ်အဆင့်ဆင့်မှာ ထည့်သွင်းခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုကြီး တည်ဆောက်နေချိန်မှာ နိုင်ငံကို ပျက်စီးရာပျက်စီးကြောင်း လုပ်နေကြတဲ့ သစ္စာမဲ့တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေ ရှိနေတာဟာ တိုင်းပြည်အတွက် အန္တရာယ်ကြီးမားတယ်လို့ ကာလုံအစည်းအဝေးမှာ ပြောသွားခဲ့ပါတယ်။

သစ္စာမဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို နာမည်တပ်ပြီး တိုက်ရိုက်မပြောဆိုခဲ့ပေမယ့် KNU ၊ CNF ၊ KNPP တို့ဟာ PDF တွေနဲ့ ပူးပေါင်းပြီး သက်ဆိုင်ရာ ပြည်နယ်အလိုက် စစ်တပ်စခန်းတွေကို တိုက်ခိုက်ပြီး  အကြမ်းဖက်မှုတွေ လုပ်ဆောင်နေတယ်လို့ ပြောသွားခဲ့တာပါ။

ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးက စစ်အုပ်စုဟာ ဒီလိုမျိုးတုံ့ပြန်မယ်ဆိုတာ မျှော်လင့်ပြီးသားဖြစ်တဲ့အတွက် နိုင်ငံရေးဦးတည်ချက်ကို လက်ခံတဲ့အထိ စစ်ရေးနည်းနဲ့ ဖိအားပေးသွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီစစ်အုပ်စုက ဒီလိုမျိုးသူ Response (တုံ့ပြန်မှု) လုပ်မယ်ဆိုတာက ကျွန်တော်တို့ မျှော်လင့်ထားပြီးသားပဲလေ။ အဲဒီတော့ ကျွန်တော်တို့တိုးမြှင့်ပြီး ဖိအားဆက်ပေးဖို့ပဲ ရှိတာပေါ့။ စစ်အုပ်စုကတော့ သူ့စစ်ရေးနည်းလမ်းနဲ့ပဲ သူ့ကိုဖိအားပေးတာပဲ သူနားလည်လိမ့်မယ်။ တစ်ဘက်မှာ လူထုကလည်း ဆက်ပြီးတော့ အားလုံးပြည်သူ့တော်လှန်ရေးဖြစ်တဲ့အားလျော်စွာ ဒီ ၆ ချက် ကို လက်ခံတဲ့အထိ ကျွန်တော်တို့ အတူတကွ ဆက်ပြီးတော့ ဖိအားပေးကြဖို့လိုတာပေါ့”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် PDF ပူးပေါင်းအဖွဲ့တွေရဲ့ ခုခံတော်လှန်မှုကြောင့် တိုင်းရင်းသားဒေသတွေနဲ့ စစ်ကိုင်းတိုင်းတို့မှာ မြို့ပေါင်း ၃၂ မြို့ထက်မနည်း လက်လွှတ်ထားရပါတယ်။

ဒီအခြေအနေမှာ စစ်ခေါင်းဆောင်က MNDAA နဲ့ TNLA တို့ကလည်း ရှမ်းမြောက်ရှိ တပ်စခန်းတွေနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို တိုက်ခိုက်ခဲ့သလို AA ကလည်း  ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဒေသအချို့မှာ တိုက်ပွဲတွေ ဖော်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် KIA၊ SSPP/SSA၊ KNPP အဖွဲ့တွေအနေနဲ့လည်း PDF တွေကို အားပေးကူညီခဲ့ပြီး နိုင်ငံတဝန်း အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်စေခဲ့တာကို တွေ့ရတယ်လို့  ကာလုံအစည်းအဝေးမှာ ၆ လတာ ဖြစ်စဉ်တွေကို အစီရင်ခံခဲ့တာ ဖြစ်ပါတယ်။

တော်လှန်ရေးအဖွဲ့တွေကတော့ နိုင်ငံရေးမျှော်မှန်းချက်၊ ဦးတည်ချက်၊ ရပ်တည်ချက်နဲ့ လုပ်ငန်းစဉ်တွေ လက်တွေ့ အကောင်အထည်ဖော်နိုင်အောင် မဟာဗျူဟာအရ အရေးကြီးတဲ့ကဏ္ဍစုံမှာ ပူး ပေါင်းရေး ယန္တရားတွေ ဖွဲ့စည်းသွားမယ့်အပြင် သက်ဆိုင်တဲ့ တော်လှန်ရေးမဟာမိတ်အင်အားစုတွေနဲ့လည်း ဆက်လက်ပူးပေါင်း ညှိနှိုင်းသွားမယ်လို့ အသိပေးထားပါတယ်။

Most read this week

May 17, 2024
တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့ တနင်္သာရီတိုင်းမှာ စစ်ရှောင်ဒုက္ခသည် အရေအတွက် ၆၀၀၀၀ ဝန်းကျင်အထိ...
May 17, 2024
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ...
May 16, 2024
နိုင်ငံတဝန်းမှာ တစ်ပတ်အတွင်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နဲ့...
May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...